Benner

Thursday, 18 October 2012

ဆရာကြီး ဦးဂိုအင်ဂါ၏ အင်တာဗျူး ၅


မေး။ ။ကျွှန်တော့်မှာသူတစ်ဖက်သားကို အထင်သေးတတ်တဲ့ ဥာဉ်ကလေးရှိပါတယ်။ အဲဒါ ဘယ်လိုများပျောက်အောင်လုပ်နိုင်ပါသလဲ။

ဖြေ။ ။ ကမ္မဌာန်းအလုပ်နဲ့ ပဲဖျောက်ပါ။ အတ္တစွဲသန်တဲ့အခါမှာ "ငါဆိုမှငါ" ဆိုတဲ့သဘောနဲ့ တစ်ဖက်သားကို အထင်သေးတတ်ပါတယ်။ အထင်သေးတဲ့ ကိုယ်နှုတ်အမူအရာတွေပေါ်တတ်ပါတယ်။ ကမ္မဌာန်းရှုမှတ်တဲ့အလုပ် လုပ်တော့ကာ အတ္တစွဲဟာ ပျောက်သွားပါတယ်။ အတ္တစွဲပျောက်ပြီဆိုရင် သူတစ်ဖက်သားကိုနစ်နာစေလိုမှုကို မလုပ်တော့ပါဘူး။ ကမ္မဌာန်းအလုပ်သာလုပ်ပါ။ ခင်ဗျားပြဿနာ အလိုလိုပျောက်သွားပါလိမ့်မယ်။


မေး။ ။ တစ်ခါတစ်လေ ကိုယ်လုပ်ခဲ့တဲ့ အမှားတွေအတွက် စိတ်မသန့် တာမျိုးဖြစ်ရပါတယ်။

ဖြေ။ ။ မိုက်မှားမိခဲ့တာတွေ ပြန်တွေးပြီး စိတ်မကောင်းဖြစ်တာဟာ ဘာမျှအကျိုးမရှိပါဘူး။ တရားလမ်းစဉ်မှာ အဲဒီ (ကုက္ကုစ္စ)စိတ်ဟာ တရားကျင့်ရာမှာ မပါသင့်ပါဘူး။ မသင့်လျော်တဲ့ အမှုတစ်ခုခုပြုခဲ့မိလို့ သိလိုက်တဲ့အခါမှာ "သြော်...ငါတော့ အဲဒီမှာနေရာမှာ မှားသွားခဲ့ပြီ" လို့ ကိုယ့်လုပ်ရပ်ကို မှန်တဲ့အတိုင်း ၀န်ခံထားပါ။ မှားတာကို ဆင်ခြေတက်ဖို့ မကြိုးစားပါနဲ့ ။ ဖုံးကွယ်ဖို့ လည်းမကြိုးစားပါနဲ့ ။ ကိုယ်က လေးစားထိုက်တဲ့ပုဂ္ဂိုလ်တစ်ဦးဦးဆီသွားပြီး "ကျွှန်တော်တော့ ဒီနည်းဒီပုံမှားတာလုပ်ခဲ့ပြီ။ နောင်ကို ဒီလိုမလုပ်မိအောင် ဆင်ခြင်ပါ့မယ်" ဆိုပြီး ဖွင့်ဟ၀န်ခံလိုက်ပါ။ ပြီးတော့ ကမ္မဌာန်းအလုပ်ပဲဆက်လုပ်ပါ။ ခင်ဗျားရဲ့ စိတ်အနှောင့်အယှက်ဟာ ပြေပျောက်သွားတာ တွေ့ ရပါလိမ့်မယ်။

မေး။ ။ အတ္တဟာ ဘာကြောင့် ဒီလောက်တောင်ကြီးထွားနေရပါသလဲ။ ဘာကြောင့် တငါငါနဲ့ ဖြစ်နေရပါသလဲ။

ဖြေ။ ။ အတ္တ လို့ အမြင်မှောက်မှားအောင် အ၀ိဇ္ဖာက တစ်ချိန်လုံးစေ့ဆော်ပေးနေလို့ ဖြစ်ပါတယ်။ အတ္တစွဲကြီးနေတာကို ၀ိပဿနာနဲ့ ချွေချွတ်ပေးနိုင်ပါတယ်။ ၀ိပဿနာရဲ့ ကျေးဇူးကြောင့် ကိုယ့်ဖို့ ကိုယ့်အကြောင်းချည်း စဉ်းစားနေရာကနေပြီး သူတစ်ပါးအကြောင်းများကို စဉ်းစားတတ်လာပါလိမ့်မယ်။

မေး။ ။ ဘယ်လို ဘယ်လိုဖြစ်လာမှာပါလဲခင်ဗျာ။

ဖြေ။ ။ ပထမခြေလှမ်းအနေနဲ့ ကတော့ "ငါဟာ တယ်ပြီး တစ်ကိုယ်ကောင်းဆန်လှချည်လား၊ အတ္တသန်လှပါတကားလို့ " ကိုယ့်ဟာကိုယ်သိရပါတယ်။ အဲဒီအမှန်သဘောကို မှန်တဲ့အတိုင်းမမြင်နိုင်သေးသမျှတော့ ကိုယ့်ကိုယ်ကို အရူးအမူးချစ်ခင်နေမှာပါပဲ။ ၀ိပဿနာရှုမှတ်မှုကျင့်သားရလာတဲ့အခါ သူများအပေါ်မှာ ကိုယ်ချစ်နေတာကိုပဲ အမှန်အတိုင်းမြင်လာပါတယ်။ ဘယ်လိုမြင်သလဲဆိုတော့ ငါဘယ်သူ့ ကိုချစ်တာလဲ ၊ အဲဒီသူကို ချစ်တယ်ဆိုတာ သူ့ ဆီက တစ်ခုခုရချင်လို့ သာချစ်တာပဲ။ ငါကြိုက်တဲ့အတိုင်း လိုက်လုပ်ပေးနေလို့ သာ ချစ်တာပဲ။ ငါကြိုက်သလို သူက လိုက်မလုပ်တော့ဘူးဆိုတဲ့ တစ်နေ့ မှာ သူ့ အပေါ်ငါမချစ်နိုင်တော့ဘူး။ ဒီလိုဆိုတော့ ငါသူ့ ကိုချစ်တာ ဟာ သက်သက်သူ့ ကိုပဲချစ်တာလား။ ငါ့ကိုယ်ငါ ချစ်တဲ့အတွက် သူ့ ကို ငါချစ်တာမဟုတ်လား။ အဲဒီလိုစဉ်းစားတတ်လာတယ်။ အဲအခါမှာ အဖြေမှန်ပေါ်လာတယ်။ ပေါ်တဲ့အဖြေမှန်က သာမန်ဆင်ခြင်တွေးဆချက်ကြောင့် ပေါ်တာမဟုတ်ဘူး။ ပိပဿနာလေ့ကျင့်တဲ့အတွက် ရတဲ့ဥာဏ်ပါ။ အဲဒီဥာဏ်ပေါ်တယ်ဆိုရင် ငါစွဲမထားတော့ဘူး။ တစ်ကိုယ်ကောင်းစိတ်ပျောက်ပြီး တစ်ပါးသူတို့ အပေါ်မှာ တစ်ကယ့်ကိုယ်ကျိုးမပါတဲ့စိတ်နဲ့ ချစ်တတ်လာမယ်။ သူများဆီက ရယူလိုစိတ်မပါတဲ့ ကိုယ်ကပေးချင် ကမ်းချင်စိတ်တွေဝင်လာမယ်။

မှတ်ချက်။ ။

ဦးတင်ဦး ( မြောင် ) ဘာသာပြန်ဆိုထားသော The Art of Living , Vipassana meditation as taught by S.N.Goenka , William Hart စာအုပ်ကို ကိုယ်တိုင်ဖတ်ရှု့ မှတ်သားပြီး သကာလ ပြန်လည်စာစီ စာရိုက်ခြင်းပြုကာ ကျွှန်တော့်မိတ်ဆွေသူငယ်ချင်းများ ဗဟုသုတတိုး ၊ မှတ်သားစရာများ မှတ်သားစေခြင်းအလို့ ဌာ ပြန်လည်ကုသိုလ်ပြုဖော်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ။


ကျနော် ပို့စ် တင်ခဲ့သော ဦးဂိုအင်ဂါ၏ အင်တာဗျူးများ ၁၊ ၂၊ ၃၊ ၄၊ ၅ တို့ အားလုံးမှာ ကိုထူးတင့်နိုင် ဘာသာပြန်ထားသည်ကို လွယ်လင့်တကူ ကူးချထားခြင်းသာ ဖြစ်ပါကြောင်း ဝန်ခံပါတယ်။

သစ်ယာအိုက်