Benner

Thursday 18 October 2012

ဆရာကြီး ဦးဂိုအင်ဂါ ၏ အင်တာဗျူး ၎


မေး ။ ။ လောကနဲ့ အဆင်မပြေလို့ နေရထိုင်ရခက်နေသူတွေအဖို့ ကမ္မဌာန်းအားထုတ်တာ အကျိုးရှိတယ်ဆိုတာကို နားလည်နိုင်ပါတယ်။ သို့ သော်လည်း နေသားတကျနဲ့ ကျေနပ်ပျော်ရွင်နေတဲ့သူအဖို့ ကမ္မဌာန်းအားထုတ်စရာလိုပါဦးမလား။

ဖြေ ။  ။ နေသားတကျနဲ့ ကျေနပ်ပျော်ရွှင်နေသူဆိုတာဟာ ဘ၀ရဲ့ သာယာမှုတွေကို အဟုတ်ကြီးထင်ပြီးတော့ ကျေနပ်နေတာဖြစ်ပါတယ်။ သူ့ ရင်ထဲမှာ မပြေလည်နိုင်တဲ့ အကြိတ်အခဲတွေရှိနေတာကို သူမသိသေးလို့ သာဖြစ်ပါတယ်။ သူ့ ကိုယ်သူ ပျော်နေတယ်လို့ ထင်နေတာဟာ သူ့ ကိုယ်သူ လှည့်စားမှန်းမသိ လှည့်စားနေတာပါ။ ဘာကြောင့်လဲဆိုတော့ သူပျော်ပိုက်နေတဲ့ ဘ၀ရဲ့ သာယာမှုတွေဟာ တည်မြဲခြင်းမရှိတဲ့အတွက် စိတ်ထဲမှာ တထင့်ထင့်နဲ့ ဘယ်တော့များ ဒါတွေကွယ်ပျောက် သွားပါလိမ့်မလဲလို့ စိုးရိမ်ကြောင့်ကြမှုက ရှိနေပါတယ်။
ဒီကြောင့်ကြမှုကို မသိလိုက် မသိဘာသာ အကြာကြီးနေလို့ မရနိုင်ပါဘူး။ တစ်ချိန်ချိန်တော့ စိတ်ထဲမှာ သိသိသာသာကြီး စနောင့်စနင်းဖြစ်လာမှာ သေချာပါတယ်။ အဲဒီ စိတ်မငြိမ်မှု ၊ စိုးနှောင့်မှုတွေ သိသိသာသာကြီး ခံစားလာရတဲ့ တစ်နေ့ မှာ သူဟာ အလွန်စိတ်ဆင်းရဲရပါလိမ့်မယ်။ ဒီအခြေအနေမျိုး ဖြစ်မလာခင်မှာလည်း အခုကတည်းကစပြီး တရားအားထုတ်ဖို့ မကောင်းပေဘူးလား။

မေး ။ ။ ဆင်းရဲခြင်းသည် အစစ်ပကတိဖြစ်မြဲသဘောပင် မဟုတ်ပါလား။ ဆင်းရဲမှ လွတ်မြောက်ရေးကို ဘာကြောင့်ရှာဖွေဖို့ အကြောင်းရှိပါသလဲ။

ဖြေ ။ ။ ကျွှန်ုပ်တို့ တစ်တွေမှာ ဒုက္ခနှင့်ရောထွေးယှက်တင်ဖြစ်နေကြတဲ့အတွက် ဒုက္ခကလွတ်မြောက်ရေးဆိုတာ ဖြစ်မြဲသဘောနဲ့ ဖီလာနေသလို ထင်ရတာဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် စိတ်ရဲ့ ဖြူစင်သန့် ရှင်းမှုကြောင့် ခံစားရတဲ့ ချမ်းသာမှုအစစ်ကိုတွေ့ ကြုံရတဲ့အခါမှာတော့ အေးငြိမ်းရွှင်ပျနေတဲ့စိတ်ဟာ စိတ်ရဲ့ ပကတိသဘာဝဖြစ်ကြောင်း သိနိုင်ပါလိမ့်မယ်။

မေး ။ ။ ဒုက္ခကို ခံစားရတဲ့အတွက် လူ့ စိတ်ဟာ ပိုမိုမြင့်မြတ်လာပြီးတော့ အကျင့်စာရိတ္တ ရင့်သန်လာနိုင်မယ် မဟုတ်ပါလား။

ဖြေ ။ ။ မှန်ပါတယ်။ ဒီဝိပဿနာနည်းကလည်း တစ်ကယ့်တော့ ဒုက္ခကို အရင်းခံထားပြီးတော့ သူတော်ကောင်းများ ဖြစ်ရေးကိုလုပ်တာပဲ ဖြစ်ပါတယ်။ သို့ သော်လည်း ဒုက္ခကို ဓမ္မဓိဌာန်ကျကျ ရှုမြင်နိုင်မှသာ သူတော်ကောင်းဖြစ်လာပါလိမ့်မယ်။ ဒုက္ခကို "ငါ့ဒုက္ခပဲ" လို့ ငါစွဲနဲ့ သုံးသပ်နေသရွေ့ တော့ သူတော်ကောင်းစိတ်မ၀င်ပါဘူး။ စိတ်ဆင်းရဲခြင်းက လွတ်မြောက်မှာ မဟုတ်ပါဘူး။

မှတ်ချက်။ ။

ဦးတင်ဦး ( မြောင် ) ဘာသာပြန်ဆိုထားသော The Art of Living , Vipassana meditation as taught by S.N.Goenka , William Hart စာအုပ်ကို ကိုယ်တိုင်ဖတ်ရှု့ မှတ်သားပြီး သကာလ ပြန်လည်စာစီ စာရိုက်ခြင်းပြုကာ ကျွှန်တော့်မိတ်ဆွေသူငယ်ချင်းများ ဗဟုသုတတိုး ၊ မှတ်သားစရာများ မှတ်သားစေခြင်းအလို့ ဌာ ပြန်လည်ကုသိုလ်ပြုဖော်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ။