Benner

Saturday 13 October 2012

ခွေးက လူမွေးခြင်း


လှည်းတန်းဘက်မှာ အင်္ဂလိပ်စကားပြောသင်တန်းကျောင်းလေး တစ်ခုရှိပါတယ်။ အဲဒီကျောင်းကို ဦးစီးဦးရွက်လုပ်တဲ့ဆရာက သင်တန်းသားတွေ အသိအမြင်ကျယ်အောင် တစ်လမှာ တစ်ကြိမ်လောက် ပြင်ပက အသိပညာရှင်တွေကို ဖိတ်ကြားပြီး ဟောပြောမှုလေးတွေ လုပ်ပေးလေ့ရှိပါတယ်။ ကျောင်းသားတွေကလည်း သူတို့သိချင်တာလေးတွေရှိရင် မေးကြမြန်းကြပေါ့။ များသောအားဖြင့်တော့ စာရေးဆရာတွေကို ပင့်ဖိတ်လေ့ရှိပါတယ်။ မြသန်းတင့်တို့ ငါတို့ကိုယ်တိုင်လည်း ဟောပြောခဲ့ကြဖူးပါတယ်။


-လွန်ခဲ့တဲ့ ၂၈၊ ၀၆၊ ၁၉၉၈ နေ့ကတော့ ဒေါက်တာသန်းထွန်း ဟောပြောပါတယ်။ ဟောပြောတဲ့ အကြောင်းအရာကတော့ တိုတိုပြောရရင် 'ပညာရေး' လို့ပဲဆိုပါစို့။ ဆရာဟောပြောအပြီးမှာ မေးခွန်းတွေ(စင်ပေါ်တက်ပြီး) မေးကြတော့ ပထမဆုံးငါကစပြီး မေးပါတယ်။ ကျောင်းသားလူငယ်လေးတွေကလည်း ငါ့ကို အဲဒီလို မေးစေချင်ကြတယ်။ အရင်ကလည်း ဒီလို မေးပေးခဲ့လေ့ရှိပါတယ်။
-ငါမေးလိုက်တဲ့မေးခွန်းက 'အိတ်ခ်ျ၊ ဂျီ၊ ဝဲလ်' ရေးတဲ့ ကမ္ဘာ့သမိုင်း အခြေခံစာအုပ်ထဲမှာ အိမ်မှာ ကြက်တွေကို မွေးတာ မြန်မာပြည်က စတင်ခဲ့တယ်ဆိုတဲ့ အကြောင်းတွေ့ရဖူးပါတယ်။ အထောက်အထား ခိုင်ခိုင်မာမာ ရှိပါသလားဆိုတာလေးကို မေးလိုက်ပါတယ်။

-ဆရာက ရှေးဟောင်းပစ္စည်းတွေကို တူးဖေါ်ကြတဲ့အခါမှာ လူအရိုးစုနဲ့အတူ တိရစ္ဆာန်အရိုးစုတွေကို တွေ့ရတတ်ကြောင်း၊ လူတို့သတ်ဖြတ်စားသောက်ထားတဲ့ တိရစ္ဆာန်အရိုးနဲ့ လူနဲ့အတူနေ တိရစ္ဆာန်အရိုးစုတို့ကို ခွဲခြားသိနိုင်ကြောင်း စသည်ဖြင့် ရှင်းပြပါတယ်။ အဲဒီအရိုးတွေကို သိပ္ပံနည်းနဲ့ စစ်ဆေးကြည့်လိုက်ရင်လည်း ဘယ်ခေတ် ဘယ်အခါလောက်ဆီက အရိုးဆိုတာ ပြောနိုင်ကြောင်း ရှင်းပြပါတယ်။ အခုဒီဆောင်းပါးမှာ ရေးချင်တာကို ရောက်ပါပြီ။ ဆရာက စကားစပ်မိလာလို့ လူတွေ အိမ်မွေးတိရစ္ဆာန်အဖြစ် စပြီးမွေးတာကတော့ ခွေးပဲဖြစ်ဟန်ရှိကြောင်း ပြောပါတယ်။ ပြီးမှ ခပ်ပြုံးပြုံးကြီးလုပ်ပြီး ဆက်ပြီးပြောပြတာက

-"အဲဒီမှာလည်း လူကခွေးကို မွေးတာလား။ ခွေးက လူကိုမွေးတာလားဆိုတာ ပြောဖို့ ခပ်ခက်ခက်ပဲ။ ခွေးက လူကိုမွေးတာတောင် ဖြစ်နိုင်တယ်" တဲ့။

-ကျောင်းသားတွေဆိုတာ ဝေါခနဲနေအောင် ပွဲကြသွားတယ်။ ဒါပေမဲ့ အဓိပ္ပါယ်ရှိရှိပြောနေတယ်ဆိုတာကို ရိပ်မိတော့ ချက်ချင်းငြိမ်ကျသွားပြီး ဆရာဆက်မဲ့စကားကို စောင့်ကြပြန်တယ်။

-"ဒီလိုလေ၊ လူကလည်းအမဲတွေ ဘာတွေ လိုက်တတ်တယ်မဟုတ်လား။ အမဲကောင်ကို ရလာပြီး စားပြန်တော့ သူက တစ်ကောင်လုံးကုန်အောင် စားချင်မှ စားနိုင်မှာပေါ့။ တချို့ အရိုးအရင်းတွေကို လွှင့်ပစ်ခဲ့မှာပေါ့။ ဒီတော့ ခွေးက စားရတာပေါ့။ စားရုံတင်မကဘူး။ ဒီလူဆိုတဲ့ အကောင်နားကပ်နေရင် အရိုးအရင်း အရွတ်ဆိုတာမျိုး စားရတယ်လို့ သဘောပေါက်ပြီး လူနားနီးနီးကပ် နေခဲ့တာ ဖြစ်မှာပေါ့။ နောက်တော့ သူကလည်း လူက အမဲလိုက်တဲ့အခါ ကူညီပြီးလိုက်ပေးမှာပေါ့။ ဒီလိုနဲ့ လူကလည်း ဒီသတ္တဝါကို ကျွေးမွေးထားရတာ မဆိုးဘူး။ အသုံးတည့်တယ် ဆိုတာမျိုးနဲ့ မွေးမှာပေါ့။ ဒီတော့ သေချာစဉ်းစားကြည့်လိုက်ရင် ခွေးကစပြီး လူကိုမွေးတာ မဖြစ်နိုင်ပေဘူးလား။"

-ကျောင်းသားတွေဆိုတာ သဘောကျလွန်းလို့ တဝါးဝါးဖြစ်နေတော့တာပဲ။

-ကဲ ဘက်စုံထောင့်စုံ တွေးတယ်ဆိုတာ သဘောပေါက်ရောပေါ့။ ဆရာကြီးဒေါက်တာသန်းထွန်းပြောတာကို မင်းငြင်းချင်သေးသပဆိုရင် ထပ်ပြီးတွေးပေဦးတော့ဗျာ။

အောင်သင်း
မျိုးဆက်သစ် တိုးတက်ရစ်ဖို့