Benner

Saturday 19 October 2013

ချမ်းသာသူကို ဘယ်လိုလက်ထပ်ယူရမလဲ?

လှပချောမောတဲ့ မိန်းမပျိုလေးတစ်ယောက်က အမေရိကားက စီးပွားရေးဖိုရမ်တစ်ခုမှာ "ကျွန်မ ဘယ်လိုလုပ်မှ ချမ်းသာတဲ့သူကို ရနိုင်မလဲ" လို့ ခေါင်းစဉ်တပ်ပြီး အောက်ပါအတိုင်း မေးခဲ့ပါတယ်။
" ကျွန်မစိတ်ထဲက စကားတွေကို ပြောပါရစေ ။
ကျွန်မ အသက်၂၅နှစ်၊ လူတကာ ငေးမောရလောက်အောင် လှတယ်။
စကားပြော ယဉ်ကျေးတယ်။ သိမ်မွေ့တယ်။တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၅သိန်း ၀င်ငွေရှိသူကို လက်ထပ်ယူချင်ပါတယ်။
ကျွန်မကို လောဘကြီးတယ်လို့ လူတွေထင်ကြမယ်။
ဒါပေမဲ့ နယူးယောက်လို နေရာမျိုးမှာ တစ်နှစ်ကို ဒေါ်လာ ၁၀သိန်း ရသူကတောင် အလယ်အလတ်တန်းစား ဖြစ်တဲ့အတွက် ကျွန်မ ရချင်တာ မများဘူးလို့ ထင်ပါတယ်။
ဒီဖိုရမ်မှာ တစ်နှစ် ၅သိန်း ၀င်ငွေရှိတဲ့ လူမရှိဘူးလား? သူတို့ လက်ထပ်ကုန်ပြီလား?အားလုံးကို ကျွန်မ မေးခွန်းတစ်ခု မေးချင်ပါတယ်။
ကျွန်မဘယ်လိုလုပ်မှ ရှင်တို့လို သူဌေးတွေကို ရနိုင်မလဲ? ကျွန်မချိန်းတွေ့ဖူးတဲ့ လူတွေထဲမှာ အချမ်းသာဆုံးက တစ်နှစ် ၀င်ငွေ ၂သိန်းခွဲရတဲ့ လူတွေဖြစ်တယ်။
ဒါ ကျွန်မရဲ့အနိမ့်ဆုံး ကန့်သတ်ချက်ပေါ့။
နယူးယောက်မြို့လယ်မှာ နေဖို့ဆိုတာ တစ်နှစ်ဝင်ငွေ ၂သိန်းခွဲနဲ့ ဘယ်လိုမှ မလောက်နိုင်ပါဘူး။
ကျွန်မက တကယ် အကြံဥာဏ် လာတောင်းတာပါ။
ကျွန်မ ထပ်မေးချင်ပါတယ်။

(၁) သူဌေးလူလွတ်တွေ ဘယ်မှာအချိန်ဖြုန်းကြသလဲ? (အရက်ဘား၊ ဟိုတယ်၊ gym စတာတွေရဲ့ လိပ်စာ အတိအကျကို သိချင်ပါတယ်)
(၂) ဘယ်အရွယ် သူဌေးတွေကို ကျွန်မ ပစ်မှတ်ထားရမလဲ?
(၃) ဘာဖြစ်လို့ တစ်ချို့သူဌေးတွေရဲ့ ဇနီးမယားတွေက ရုပ်ရည်အတင့်အသင့်ပဲ ရှိကြတာလဲ? ကျွန်မမြင်ဖူးတဲ့ တစ်ချို့မိန်းကလေးရဲ့ ရုပ်ရည်က ရွက်ကြမ်းရေကျိုပဲ။ ဘာဆွဲဆောင်မှုမှ မရှိကြဘူး။ ဒါပေမဲ့ သူတို့ သူဌေးတွေကို လက်ထပ်နိုင်ခဲ့တယ်။ လူတကာငေးမောရတဲ့ အရမ်းလှ၊ အရမ်းချောတဲ့ မိန်းမတွေက ကံမကောင်းကြဘူး။

(၄) ဘယ်မိန်းကလေးမျိုးကို လက်ထပ်မယ်၊ ဘယ်မိန်းကလေးမျိုးကိုတော့ အပျော်တွဲမယ်လို့ ရှင်တို့ ဘယ်လို သတ်မှတ်ကြသလဲ? (အခု ကျွန်မရဲ့ ရည်ရွယ်ချက်က လက်ထပ်ဖို့ပါ)
သူ့အမေးကို နယူးယောက် Wall Street မှာ အလုပ်လုပ်နေသူတစ်ဦးက အောက်ပါအတိုင်း ဖြေလိုက်ပါတယ်။
"ခင်မင်ရပါသော မိန်းမချောလေး ခင်ဗျား
ရေးထားတဲ့ စာအားလုံးကို ကျွန်တော် စိတ်ဝင်တစားဖတ်ခဲ့ပါတယ်။
မိန်းကလေး အများကလည်း ခင်ဗျားလိုပဲ မေးချင်ကြမယ် ထင်ပါတယ်။
ခင်ဗျားရဲ့အမေးကို ရင်းနှီးမြှုပ်နှံသူ ရှုထောင့်ကနေ ကျွန်တော်ဖြေပါရစေ။
ကျွန်တော်ရဲ့ နှစ်စဉ်ဝင်ငွေ ဒေါ်လာ၅သိန်း ကျော်ပါတယ်။
ဒါကြောင့် လူတွေရဲ့ အချိန်ကို ကျွန်တော် မဖြုန်းဘူးဆိုတာ ယုံကြည်နိုင်ပါတယ်။
အဖြေကို ဖတ်ကြည့်စေချင်ပါတယ်။
စီးပွါးရေးသမားတစ်ဦးရဲ့ အမြင်ကနေကြည့်ရင် ခင်ဗျားနဲ့လက်ထပ်တာ အဆိုးဝါးဆုံး ရောင်းဝယ်မှုပဲ ဖြစ်ပါတယ်။
အကြောင်းက ရှင်းရှင်းလေးပါ။
ကျွန်တော်ရှင်းပြပါရစေ။
ခင်ဗျားပြောတဲ့ စကားအရဆိုရင် ဒါဟာ "ရုပ်ရည်" နဲ့ "ငွေကြေး" လဲလှယ်မှု တစ်ခုပါပဲ။
တစ်ဖက်က ရုပ်ရည်ပေးမယ်၊ တစ်ဖက်က ငွေကြေးပေးမယ်။
ဒါဟာ သင့်မြတ်တဲ့ လဲလှယ်မှုပေါ့။
ဒါပေမဲ့ မပြောမဖြစ် ပြောစရာတစ်ခုရှိတယ်။
ခင်ဗျားရဲ့ ရုပ်ရည်က ပျောက်ပျက်တတ်တယ်။
ငွေတွေက ဘာမှမလုပ်ပဲနဲ့တော့ ပျောက်ပျက် မသွားတတ်ဘူး။
ကျွန်တော်ရဲ့ ၀င်ငွေက တစ်နှစ်ထက် တစ်နှစ်တိုးနေမှာပဲ။
ခင်ဗျားက တစ်နှစ်ထက်တစ်နှစ် လှပနိုင်မှာ မဟုတ်ဘူး။
စီးပွါးရေးပညာအရ ပြောရမယ်ဆိုရင် ကျွန်တော်က တန်ဖိုးတက်ပစ္စည်း၊ ခင်ဗျားက တန်ဖိုးကျပစ္စည်း ဖြစ်တယ်။
ကျတာတောင်မှ အရှိန်အမြန်နဲ့ကျမယ့် ပစ္စည်းဖြစ်တယ်။
ခင်ဗျား အခု ၂၅နှစ် နောက်ထပ် ၅နှစ်မှာ ခင်ဗျား အခုလို လှပတဲ့ကိုယ်လုံး၊ မြင်သူငေးတဲ့ ရုပ်ရည်က တစ်နှစ်ထက် တစ်နှစ် ဆုတ်ယုတ် လာမှာပဲ။ လှပတဲ့ မျက်နှာက ဆုတ်ယုတ်တာ ပိုမြန်လိမ့်မယ်။
တကယ်လို့ ရုပ်ရည်ဟာ ခင်ဗျားရဲ့ အရင်းအနှီးဆိုရင် နောင် ၁၀နှစ်ဆိုရင် ခင်ဗျားမှာ ဘာမှမရှိတော့ဘူး။
ကျွန်တော်တို့ Wall Street စကားအရ ပြောရမယ်ဆိုရင် ရောင်းဝယ်တဲ့ ပစ္စည်းတိုင်းမှာ အနေအထားတစ်ခုတော့ ရှိတယ်။
ခင်ဗျားနဲ့ ဆိုရင်တော့ ကုန်သွယ်မှု အနေအထား (trading position)ပေါ့။
ဈေးကျတာနဲ့ ချက်ချင်း လက်လွှတ်လိုက်ရတယ်။
ကြာရှည် သိမ်းထားလို့ မဖြစ်ဘူး။
ဈေးကျမြန်တဲ့ ပစ္စည်းတစ်ခုကို လူတွေက အပိုင်ဝယ်မထားဘဲ ခဏတဖြုတ်သာသုံးစွဲ ချေးငှားကြမှာပဲ။
တစ်နှစ် ၀င်ငွေ ၅သိန်းဝင်တဲ့ လူတွေက လူတုံးလူအတွေတော့ မဟုတ်ကြဘူး။
ဒါကြောင့် ကျွန်တော်တို့ဟာ ခင်ဗျားကို ခဏတဖြုတ်ဘဲ တွဲကြမယ်။
လက်ထပ်ဖို့အထိတော့ ရည်ရွယ်ကြမှာ မဟုတ်ဘူး။
သူဌေးတွေကို ဘယ်လို လက်ထပ်ယူရမလဲဆိုတဲ့ လျှို့ဝှက်ချက်ကို ပင်ပင်ပန်းပန်း ရှာမနေပါနဲ့လို့ ကျွန်တော် အကြံပေးပါရစေ။
ကိုယ့်ကိုယ်ကို တစ်နှစ်ဝင်ငွေ ၅သိန်းဝင်တဲ့လူဖြစ်အောင် ကြိုးစားတာက တုံးအတဲ့ သူဌေးတစ်ယောက်ကို လက်ထပ်ယူတာထက်စာရင် ပိုမြတ်တယ်လို့ နောက်ဆုံး စကားတစ်ခွန်း ပါးလိုက်ပါရစေ။
Ref; https://www.facebook.com/photo.php?fbid=385542541548181&set=a.277177169051386.44947.144689295633508&type=1

No comments: