Rafe Esquith က အမေရိကန်နိုင်ငံမှာ သြဇာလွှမ်းမိုးမှုအရှိဆုံး၊ စိတ်ဝင်စားစရာအကောင်းဆုံး ကျောင်းဆရာတစ်ဦးဖြစ်တယ်။ လူအများရဲ့"လူဆိုး"လို့ တင်စားခံထားရတဲ့ ကလေးငယ်တွေကို လေ့လာသင်ယူလိုစိတ်ရှိသူ၊ လိမ္မာယဉ်ကျေးသူဖြစ်အောင် မွေးထုတ်ပေးနိုင်တဲ့ဆရာတစ်ဦးဖြစ်တယ်။ ပညာရေးနဲ့ပတ်သက်တဲ့ ဆုကို အကြိမ်ကြိမ်ရရှိခဲ့သလို အင်္ဂလန်ဘုရင်မကချီးမြှင့်တဲ့ Member of the Order of the British Empireဆုကိုလည်း ရရှိခဲ့သူဖြစ်တယ်။ အမေရိကန်တစ်နိုင်ငံလုံးရဲ့ အကောင်းဆုံးကျောင်းဆရာဆုကိုလည်း ရခဲ့သူဖြစ်တယ်။
အခုအချိန်မှာ Rafe Esquithဟာ Hobart Boulevard Elementary School in Los Angeles ကျောင်းမှာ ငါးတန်းကလေးတွေကို ပညာသင်ကြားပေးနေသူဖြစ်ပါတယ်။
၂ဝ၁၂ခုနှစ် မတ်လ၆ရက်နဲ့ ၇ရက်နေ့မှာ Rafe Esquithဟာ တရုတ်နိုင်ငံ ပေကျင်းတက္ကသိုလ်မှာ ဟောပြောပွဲတစ်ခုပြုလုပ်ခဲ့တယ်။ အဲဒီဟောပြောပွဲမှာ သူ့ရဲ့စာသင်ခန်းနံပါတ် "၅၆"ရဲ့ အဖြစ်အပျက်တွေကို အမြို့မြို့အနယ်နယ်က တက်ရောက်လာကြတဲ့ ကျောင်းအုပ်ဆရာ၊ ကျောင်းဆရာအယောက် ၂ဝဝဝကျော်ကို မျှဝေခဲ့ပါတယ်။
အောက်ကအချက်တွေက ကျောင်းသားနဲ့ဆရာတို့ကြားဆက်ဆံရေးကို တရုတ်ဆရာကမေးပြီး Rafe က ပြန်ဖြေထားတဲ့ အမေးအဖြေကဏ္ဍဖြစ်ပါတယ်။ ဘာသာပြန် မျှဝေလိုက်ပါတယ်။
(၁) တရုတ်နိုင်ငံမှာ ပညာရေးပညာရှင်တော်တော်များများက ဆရာတွေကို "သွန်သင်ဆုံးမလို့မရတဲ့ ကျောင်းသားဆိုတာ မရှိဘူး။ အသင်အပြမကောင်းတဲ့ဆရာပဲ ရှိတယ်"လို့ သတိပေးပါတယ်။ ဒါဟာ တရုတ်ဆရာတွေကို စိတ်ဖိစီးမှုတော်တော်ဖြစ်စေခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျားအမြင်ကိုပြောပါဦး။
Rafeး တချို့ကျောင်းသားတွေက တကယ်ကိုသွန်သင်ဆုံးမလို့ မရတာပါ။ ကျောင်းသားတိုင်း အောင်မြင်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒါပေမယ့် ကျွန်တော်ရဲ့အလုပ်က အဲဒီကျောင်းသားကို အောင်မြင်နိုင်တဲ့အခွင့်အရေးတစ်ခု ပေးတာပါပဲ။ ဆရာတစ်ယောက်ရဲ့အလုပ်က ကျောင်းသားကို တံခါးတစ်ချပ်ဖွင့်ပေးတာပါ။ အဲဒီတံခါးပေါက်ထဲ ကျောင်းသားကိုယ်တိုင် လျှောက်လှမ်းဝင်ရောက်ရပါတယ်။ အဲဒီတံခါးပေါက်ထဲ သူတို့ကို ကျွန်တော်အတင်းတွန်းမသွင်းပါဘူး။ သူတို့ကို အတင်းဆွဲသွင်း၊ တွန်းသွင်းတာမျိုး မဟုတ်ဘူး... သူတို့ကိုယ်တိုင် လျှောက်ဝင်တာမျိုးဖြစ်ရပါတယ်။
(၂) အမေရိကန်ပညာရေးက မူကြိုကနေ အထက်တန်းအထိ ကြီးမားတဲ့ပြဿနာတွေရှိနေတယ်၊ အရည်အချင်းမပြည့်တဲ့ဆရာတချို့ ကျောင်းဆရာအဖြစ်နဲ့ ရပ်တည်နေသေးတယ်လို့ တစ်ချိန်က ခင်ဗျားပြောခဲ့ဖူးတယ်။ ထက်မြက်ထူးချွန်တဲ့ဆရာတစ်ဦးမှာ ဘယ်လိုအရည်အချင်းတွေက အရေးအကြီးဆုံးလို့ ခင်ဗျားထင်သလဲ။
Rafeး ကောင်းမွန်တဲ့ကျောင်းသားတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ ဆရာကိုယ်တိုင်ကလည်း ကောင်းမွန်အောင်နေထိုင်ရပါတယ်။ စိတ်တိုဒေါသထွက်ချိန်မှာလည်း ခင်မင်ရင်းနှီးပုံပြရပါတယ်။ ကျွန်တော်က အလုပ်ကြိုးစားသူတစ်ယောက်ပါ။ ဘာသင်ရမယ်ဆိုပြီး တရားသေသင်တာထက် ကိုယ့်အမှားထဲကနေ၊ ကိုယ့်အတွေ့အကြုံထဲကနေ ပိုကောင်းအောင် ဘယ်လိုသင်ယူမယ်ဆိုတာကို ကျွန်တော်လုပ်ပါတယ်။ ကျောင်းသားတွေက ဆရာရဲ့အပြုအမူ၊ အပြောအဆိုတွေကို သတိထားတတ်ပါတယ်။ ဒါကြောင့် မထက်မြက်တဲ့ဆရာက ကျောင်းသားတွေကိုရော၊ တခြားကျောင်းဆရာတွေကိုပါ မကောင်းတဲ့အကျိုး သက်ရောက်စေပါတယ်။ ဆရာဆိုတာ ကျောင်းသားရဲ့စံပြပဲဖြစ်နေရပါမယ်။
(၃) တစ်နှစ်တာအချိန်တိုတိုအတွင်းမှာ ခင်ဗျားသင်ခန်းစာတော်တော်များများ ဖွင့်ခဲ့တယ်။ ရှိတ်စပီးယားပြဇာတ်၊ ဘေ့စ်ဘော၊ ရုပ်ရှင်သင်ခန်းစာ၊ စီးပွားရေးသင်ခန်းစာ... ပြီးတော့ ကျောင်းသားတွေနဲ့ ခင်ဗျားလေ့လာရေးခရီး ထွက်သေးတယ်။ ဒါတောင် ခင်ဗျားရဲ့ကျောင်းသားတွေက စာမေးပွဲအမှတ်စာရင်းတွေ အရမ်းကောင်းကြတယ်။ ဒါကို ကျွန်တော်အရမ်းအံ့သြမိတယ်။ ဒီလိုဖြစ်အောင် ခင်ဗျားဘယ်လိုလုပ်နိုင်ခဲ့တာလဲ။ ကျောင်းသားတွေအမှတ်စာရင်းကောင်းဖို့ ကျွန်တော်အချိန်အများကြီးသုံးရတယ်။ ခင်ဗျားနဲ့ ကျွန်တော်ရဲ့ကွာဟာချက်က ဘာဖြစ်လို့ ဒီလောက်ကွားခြားနေသလဲ။
Rafeး ကျွန်တော့်ကျောင်းသားတွေ စာအရမ်းဖတ်ကြတယ်။ စာမေးပွဲဖြေဖို့အတွက် သူတို့စာဖတ်တာကြမဟုတ်ဘူး။ ကျွန်တော်ကျောင်းသားတွေ သချာင်္ဘာသာကို ကောင်းကောင်းနားလည်ကြတယ်။ စာမေးပွဲမေးခွန်းလွှာတွေက သူတို့နဂိုသိတာထက် ပိုလွယ်နေတယ်လို့ သူတို့ထင်ကြတယ်။ သူတို့ အမှတ်ကောင်းရတာက သူတို့ဟာ စိတ်ပေါ့ပါးမှုရှိလို့ပါ။ သူတို့ ဘယ်လောက်ထိ နားလည်တတ်ကျွမ်းပြီလည်းဆိုတာကို ကျွန်တော်စစ်မေးတတ်ပါတယ်။ ဒါပေမယ့် သူတို့ကို ကောင်းကောင်းမဖြေရင် ဘာရလဒ်ရမလဲ... အဲဒီရတဲ့ရလဒ်က မပြောင်းဘူးဆိုတာကို ကျွန်တော်ပြောပြတတ်တယ်။ မပြောင်းဘူးဆိုတဲ့ရလဒ်က စာမေးပွဲမဖြေနိုင်လည်း သူတို့ငရဲရောက်သွားမှာမဟုတ်ဘူး။ စာမေးပွဲမဖြေနိုင်လည်း သူတို့မေမေက သူတို့ကိုချစ်မြဲချစ်မှာပဲ၊ သူတို့ကို ကျွန်တော်ချစ်မြဲချစ်မှာပဲ။
စာမေးပွဲအမှတ်စာရင်း ကောင်းရမယ် မကောင်းရဘူးဆိုတာထက် ကျွန်တော်မျှော်လင့်တာက ဒီတစ်နှစ်အတွင်းမှာ ကျောင်းသားတွေ ဘာဘဝကျွမ်းကျင်မှုကို ရသွားသလဲဆိုတာကိုပါ။ ကျောင်းသားတွေက
စာမေးပွဲဖြေဖို့ သင်ယူလေ့လာနေတာမဟုတ်ပါဘူး။ သူတို့က ဘဝအတွက် အကျိုးအမြတ်ရှိတဲ့ အသိပညာ၊ ဗဟုသုတကို ရှာဖွေသင်ယူနေတာဖြစ်ပါတယ်။ သူတို့ကို စိတ်လက်ပေါ့ပါးစေလေ သူတို့ရဲ့ရမှတ်က ကောင်းလေပဲဖြစ်ပါတယ်။
(၄) လောကမှာ "ကျောင်းသားကောင်း"နဲ့ "ကျောင်းသားဆိုး"ဆိုတဲ့ ကျောင်းသားနှစ်မျိုးတည်ရှိနေပါတယ်။ "ကျောင်းသားဆိုး"အပေါ် ကျွန်တော်ဘာမှမတတ်နိုင်
အမြဲဖြစ်ခဲ့ရတယ်။ ဘာနည်းနဲ့ဖြစ်ဖြစ် သွန်သင်ဆုံးမလည်း သူတို့က ကျွန်တော့်ကို မျှော်လင့်ချက်မဲ့စေခဲ့တယ်။ ဒီလို ကျောင်းသားဆိုးနဲ့ကြုံရင် ခင်ဗျားဘယ်လိုလုပ်မလဲ။ အကြံဉာဏ်တချို့ မျှဝေပေးနိုင်မလား။
Rafeး ကျွန်တော့်အမြင်နဲ့ ကျောင်းသားကို သုံးမျိုးခွဲပါတယ်။ ကလေး၁၊ ကလေး၂၊ ကလေး၃ဆိုပြီး ကျွန်တော်သတ်မှတ်ပါတယ်။ ကလေး၁က ပါရမီရှိသူ၊ ထက်မြက်ထူးချွန်သူ၊ ကျောင်းတက်မပျင်းသူ၊ ဆရာ့ကိုချစ်သူ၊ ဘက်ဂရောင်းကောင်းသူဖြစ်တယ်။ ကျွန်တော့်အတန်းထဲမှာ သူတို့ရှိတာကို ကျွန်တော်အရမ်းပျော်မိတယ်။ ကလေး၃က ကျောင်းတက်ပျင်းသူ၊ စာမေးပွဲတိုင်းကျသူ၊ ဆရာ့ကို အလွန်မုန်းသူ၊ မိဘကလည်း ဆရာ့ကိုမုန်းသူတွေဖြစ်တယ်။ တကယ်လို့ သူတို့ကလေးကို သင်ဆဲဆိုမိရင် သင့်ကိုသူတို့သတ်လိမ့်မယ် (ရယ်လျှက်)။
ကျွန်တော်တို့ဆရာအများက သူတို့ရဲ့အချိန်ကို ကလေး၁နဲ့ ကလေး၃ပေါ်မှာ ပိုသုံးကြတယ်။ ကလေး၁က ထက်မြက်ပြီးတတ်လွယ်တော့ သူတို့အပေါ်အချိန်သိပ်ဖြုန်းစရာမလိုဘဲ သူတို့တတ်သွားကြတယ်။ ကလေး၃အပေါ်မှာ ကျွန်တော်တို့အချိန်မပေးနိုင်ရင် သူတို့က သင့်ဘဝကိုဖျက်ဆီးသွားလိမ့်မယ် (ရယ်လျှက်)။ သင့်ကို ပြဿနာအမျိုးမျိုး သယ်ဆောင်ပေးလာလိမ့်မယ်။ ကျွန်တော်ကတော့ ကျွန်တော့်အချိန်တွေကို သာမန်ကလေးတွေဖြစ်တဲ့ ကလေး၂ပေါ်မှာပဲ ပိုသုံးဖြစ်တယ်။ သူတို့က သာမန်တယ်၊ သချာင်္ဘာသာမှာ အရမ်းထူးချွန်သူမဟုတ်ကြသလို၊ စာစီစာကုံးမှာလည်း အကောင်းဆုံးရေးနိုင်သူတွေ မဟုတ်ကြဘူး။ တခြားဘာသာမှာလည်း သာမန်လောက်ပါပဲ။ ဒါပေမယ့် သူတို့က ပြဿနာမလုပ်ဘူး။ ဆရာတွေက သူတို့အပေါ် သိပ်အားစိုက်ထုတ်စရာမလိုဘူး။ ဒါပေမယ့် သူတို့အပေါ် ကျွန်တော်ပိုအားစိုက်ထုတ်တယ်။ သူတို့ပိုကောင်းအောင် ကျွန်တော်အားပေးတယ်။ ကျောင်းသူတစ်ယောက်ကို ကျွန်တော်တွေ့ရင် "သမီးအသံက အရမ်းနားထောင်လို့ကောင်းတယ်၊ ဆရာ့အတန်းမှာ သမီးရှိနေတာက ဆရာ့အတွက် ကံကောင်းခြင်းပဲ၊ သမီးရဲ့အောင်မြင်မှုအတွက် ဆရာစောင့်မနေနိုင်တော့ဘူး"လို့ သူတို့ကို ကျွန်တော်ပြောရင် သူတို့အရမ်းဝမ်းသာကြတယ်။ ဒီလိုနဲ့ ကလေး၁ရဲ့အပြုအမူလို သူတို့ပြောင်းလဲကြတယ်။ ဒီလိုအချိန်မှာ ကလေး၃က ပြဿာနာကိုဖန်တီးချင်တဲ့အခါ ဆိုးဖော်ဆိုးဖက် ရှာမတွေ့တော့ဘူး။ ကလေး၂နဲ့ အတန်းကိုအကျိုးသက်ရောက်စေတဲ့အခါ ဒီအတန်းဟာ တိတ်ဆိတ်တဲ့၊ သင့်မြတ်တဲ့၊ ကောင်းမွန်တဲ့အတန်းဖြစ်သွားတယ်။ ကလေး၃ လိုမျိုးကျောင်းသားက ဆရာဘာနည်းနဲ့သွန်သင်ဆုံးမလည်း အကျိုးဖြစ်မှာမဟုတ်ဘူး။ စိတ်ဝင်စားစရာကောင်းတဲ့သင်ခန်းစာတွေကို ဆရာကဖန်တီးပေးပြီး သူတို့ရဲ့စိတ်ဝင်စားစိတ်ကို မြင့်ပေးမှ သူတို့ကို ပြောင်းလဲနိုင်မှာဖြစ်တယ်။
(၅) စာဖတ်ခြင်းရဲ့အကျိုးကို ခင်ဗျားမကြာခဏပြောတယ်နော်။ အခုခေတ်ကျောင်းသားတွေက အင်တာနက်ဂိမ်းကိုပဲ ရူးသွပ်ခုံမင်နေကြတယ်။ ကြာလေ စာဖတ်တာကိုမနှစ်သက်လေ ဖြစ်ကြတယ်။ ဒီလို အခက်အခဲမျိုးကို ခင်ဗျားကြုံဖူးလား၊ ခင်ဗျားဆိုရင် ဘယ်လိုအဖြေရှာမလဲ။
Rafe Esquithး စာဖတ်ခြင်းက အရမ်းအရေးပါပါတယ်။ ဆရာပြောတာမှန်ပါတယ်... အရင်ခေတ်ကလို စာအုပ်တစ်အုပ်၊ ဘောလ်ပင်တစ်ချောင်းဆိုတဲ့ခေတ် မရှိတော့ပါဘူး။ အခုခေတ်က အနှောင့်အယှက်အမျိုးမျိုးနဲ့ ကြုံရတဲ့ခေတ်ပါ။ ဒါပေမယ့် ကျွန်တော်ကတော့ အချိန်မိနစ်၉ဝအသုံးပြုပြီး ကျောင်းသားတွေနဲ့ စာအတူဖတ်ပါတယ်။ ကျောင်းစာမဟုတ်တဲ့ စာပေတွေကိုဖတ်ပါတယ်။ သူတို့ကိုယ်တိုင်ဖတ်ခိုင်းရင် ဖတ်ဖို့သူတို့စိတ်မဝင်စားပါဘူး။ ဒါကြောင့် ကျောင်းသားတွေနဲ့အတူ စာတစ်ကြောင်း၊ စာတစ်လုံး အတူရွတ်ဆိုဖတ်ပါတယ်။ ကလေးက နေ့တိုင်းတီဗွီပဲကြည့်တယ် စာမဖတ်ဘူးဆိုရင် ကျွန်တော်တို့က တီဗွီပိတ်လိုက်တာ၊ တီဗွီကိုနေရာရွေ့တာကို အတင်းအဓမ္မလုပ်တတ်ပါတယ်။
ဒါက လူကိုအနိုင်ကျင့်တဲ့နည်းပါ။ တကယ့်ပညာရေးက ကလေးတွေကိုယ်တိုင် တီဗွီကိုနေရာရွေ့ဖို့ သင်ကြားပေးတာဖြစ်တယ်။ ကလေးတွေနဲ့ ကျွန်တော်လေ့လာရေးထွက်တုန်းက ကျွန်တော်တို့တည်းခိုခန်းမှာ တီဗွီကြည့်လို့ရတယ်။ ဒါပေမယ့် သူတို့က စာဖတ်တာကိုပဲ နှစ်သက်ကြတယ်။ သူတို့နဲ့အတူ ကျွန်တော်စာလိုက်ဖတ်လို့ပါပဲ။
(၆) ဆရာတွေကလည်း လူပါပဲ.. နတ်ဘုရားမဟုတ်ဘူး.. ဒါကြောင့် တစ်ခါတလေ ဒေါသထွက်တတ်တယ်။ ခင်ဗျားရဲ့စာသင်ခန်းအမှတ် ၅၆မှာ ကျောင်းသားတွေအပေါ် ဒေါသထွက်တာရှိတတ်သလား။ ခင်ဗျားကို ဒေါသထွက်စေတဲ့အခြေအနေကို ခင်ဗျားဘယ်လိုဖြေရှင်းသလဲ။
Rafe Esquithး ကျွန်တော့်ကျောင်းသားတွေ ကျွန်တော်ကိုနေ့တိုင်းဒေါသထွက်စေပါတယ်။ ဒေါသထွက်အောင်လုပ်တဲ့အရာကလည်း မယုံနိုင်စရာပဲ။ ကျွန်တော်တို့ တစ်နှစ်တစ်ခါ အနုပညာအလုပ်တစ်ခု လုပ်ပါတယ်။ နှစ်တိုင်းအောင်မြင်တယ်။ လုပ်တာ နှစ် ၃ဝရှိပါပြီ။ အဲဒီအနုပညာအလုပ်က ပျဉ်ချပ်ပေါ်မှာ အရုပ်ရေးဆွဲတာဖြစ်တယ်။ ဒီတစ်နှစ်ကျောင်းဖွင့်စမှာ ကျောင်းသားတစ်ယောက်က အရုပ်ရေးဆွဲမယ့်ဆေးရည်ကို သောက်ပစ်လိုက်တယ်။ ကျွန်တော်အရမ်း ဒေါသထွက်မိတယ်။ ဒါပေမယ့် အဲဒီအဖြစ်ကနေ ကျွန်တော်အတွေ့အကြုံတစ်ခုကို ရလိုက်တယ်။ ကျောင်းသားရဲ့စိတ်ခံစားချက်ကို ထိန်းချုပ်ချင်ရင် ကျွန်တော့်ရဲ့စိတ်ခံစားချက်ကို အရင်ထိန်းချုပ်ရမယ်ဆိုတာပါပဲ။
ကျွန်တော်ဒေါသထွက်တိုင်း သူတို့က ကျွန်တော်မျှော်လင့်ထားတဲ့သူအဖြစ် ပြောင်းလဲသွားမှာ မဟုတ်ဘူး။ တကယ်လို့ သူတို့ကို ကြင်နာတတ်သူ လူကောင်းဖြစ်စေချင်ပြီး ကျွန်တော်က အော်ကြီးဟစ်ကျယ်လုပ်နေတယ်ဆိုရင် ဒါဟာ အပြောနဲ့အလုပ် မညီတာပဲ။ ဒါကြောင့် ကျွန်တော့်အသံကို ကျွန်တော်ဘယ်တော့မှမမြှင့်ဘူး။ အသံမြင့်တိုင်း ကျောင်းသားအတွက် ဘာမှ အသုံးမဝင်လို့ပဲ။ စစချင်းလူရွယ်အချိန်တုန်းက သူတို့ကို ကျွန်တော်အော်ငေါက်ခဲ့ဖူးတယ်။ ဒီလိုအော်ငေါက်ခြင်းအားဖြင့် ကျောင်းသားတွေတတ်သွားတာတစ်ခုက ကျွန်တော့်ကိုသူတို့ ကြောက်ရွံ့သွားတာပါပဲ။ တကယ်လို့ ကျွန်တော်တည်ငြိမ်ရင် စာသင်ခန်းလည်းတည်ငြိမ်တယ်။ တကယ်လို့ သင့်ခံစားချက်ကို အကောင်းဆုံးဖြစ်အောင် သင်ထိန်းညှိနိုင်ရင် ထူးဆန်းအံ့သြဖွယ်တွေဖြစ်ပွားတာကို သင်တွေ့ပါလိမ့်မယ်။
(၇) တရုတ်နိုင်ငံမှာ ဒီလိုပြောစကားတစ်ခွန်းရှိတယ်။ "အမေရိကန်ရဲ့ အခြေခံပညာရေးက ဖြစ်ကတတ်ဆန်းပဲ၊ ဒါပေမယ့် နိုဘယ်လ်ဆုရှင်တွေ မွေးထုတ်ပေးနိုင်ခဲ့တယ်။ တရုတ်နိုင်ငံရဲ့ အခြေခံပညာရေးက ခိုင်မာတယ်။ ဒါပေမယ့် နိုဘယ်လ်ဆုရသူ မရှိခဲ့ဘူး"။ ဒါနဲ့ပတ်သက်တဲ့ ခင်ဗျားအမြင်ကိုပြောပါဦး
Rafe Esquithး ကျွန်တော်ဆုတော်တော်များများ ရခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ ဘယ်လိုအဓိပ္ပာယ်မှ ကိုယ်စားမပြုဘူးလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်သမီးက နာမည်အရှိဆုံး ဆေးတက္ကသိုလ်မှာ ကျောင်းတက်နေတယ်။ သူ့ဆရာက နိုဘယ်လ်ဆုရှင်ပဲ။ ဒါပေမယ့် သူ့စရိတ္တမကောင်းဘူး။ ဒါကြောင့် ဆုရတာ ဘာအဓိပ္ပာယ်မှမရှိဘူး။ ကျောင်းသားတွေနဲ့ ကျွန်တော်နှစ်တိုင်း ပြဇာတ်ကတယ်။ ဒီပြဇာတ်ကို အနယ်နယ်အရပ်ရပ်က လာကြည့်ကြတယ်။ ရက် ၃ဝကတယ်။ ပြဇာတ်ပြီးရင် ကျွန်တော်ဆုမချတတ်သလို ပျော်ပွဲရွှင်ပွဲတွေလည်း လုပ်မပေးတတ်ဘူး။ ဒီပြဇာတ်ကနေတာကိုကပဲ ဆုချီးမြှင့်တာ၊ ပါတီလုပ်နေတာလို့ ကျွန်တော်ထင်တယ်။ အမေရိကန်နဲ့တရုတ်ရဲ့ ပညာရေးမှာ ပြဿနာအမျိုးမျိုးရှိနေပါတယ်။ ဒါပေမယ့် ဒါတွေဟာ ဆုကြောင့်တော့ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။
(၈) ခင်ဗျားအတန်းက ကျောင်းသားအများစုက ဆင်းရဲသားမိသားစုကလာတယ်လို့ သိရတယ်။
(၈) ခင်ဗျားအတန်းက ကျောင်းသားအများစုက ဆင်းရဲသားမိသားစုကလာတယ်လို့ သိရတယ်။ အခြေအနေရင်းမြစ်တွေ ခြားနားတယ်လို့ဆိုရမယ်။ ဒါပေမယ့် ဒီကျောင်းသားတွေဟာ နောက်ပိုင်းမှာ လူတွေအံ့သြစေနိုင်လောက်အောင် ပြောင်းလဲသွားကြတယ်။ ကျောင်းသားတော်တော်များများဟာ ဟားဗတ်တက္ကသိုလ်လို နာမည်ကြီးတက္ကသိုလ်တွေ ဝင်ခွင့်ရခဲ့ကြတယ်။ ခင်ဗျား ဘာလုပ်လိုက်လို့ ခင်ဗျားကျောင်းသားတွေ ဒီလောက်ပြောင်းလဲသွားတာလဲ။
Rafe Esquithး ကျွန်တော်ကျောင်းသားတွေက ညအချိန်မှာ သေနတ်သံကြားရတတ်တဲ့ ရပ်ကွက်သေးလေးတွေက လာတဲ့ကျောင်းသားတွေပါ။ သူတို့မိဘတွေကလည်း တက္ကသိုလ်မတက်ဖူးသလို စာမဖတ်သူတွေပါ။ ကျွန်တော့်စာသင်ခန်းမှာ အရမ်းအရေးပါတဲ့ အကူတွေရှိကြတယ်။ သူတို့က ကျွန်တော်ရဲ့အရင်ကျောင်းသားတွေပါ။ သူတို့က ကျွန်တော်ကို လာကူတတ်တယ်။ နေ့စဉ်ကျောင်းဆင်းတိုင်း ကျွန်တော်က တံခါးပေါက်ဖွင့်ထားလိုက်တယ်။ အထက်တန်းရောက်သွားကြတဲ့ ကျောင်းသားတွေ၊ တက္ကသိုလ်ရောက်သွားကြတဲ့ ကျောင်းသားတွေ ပြန်လာတတ်ကြတယ်။
ကျွန်တော်တို့လူကြီးတွေက ကလေးတွေအတွက် စိတ်ကူးအမြင်တွေ ဖန်ဆင်းပေးရတာကို နှစ်သက်တယ်... ဒါပေမယ့် ကလေးတွေက သူတို့စိတ်ကူးသူတို့ရှိကြတယ်။ ဒါကြောင့် ထူးချွန်ထက်မြက်တာဟာ အဲဒီလောက်အရေးမပါဘူး... စရိုက်လက္ခဏာကသာ အမှတ်စာရင်းထက်ပိုအရေးပါပါတယ်။ ရိုးသား ရည်မွန်တာဟာ စာမေးပွဲရမှတ်ထက် အရေးပါပါတယ်။ လူတွေက ကလေးတွေကို ရက်တိုတိုအတွင်းမှာ အကုန်လုံးသိတတ်စေချင်ကြတယ်။ ကျွန်တော်က မလောဘူး။ အပတ်စဉ်စာမေးပွဲကို ကျွန်တော်ဂရုမစိုက်ဘူး။ ကျွန်တော်ဂရုစိုက်တာက ဒီကလေးတစ်ယောက် နောင်၁ဝနှစ်မှာအသုံးပြုနိုင်မယ့် အရည်အချင်းပဲဖြစ်တယ်။
(၉) ခင်ဗျားက အရမ်းတော်ထက်တဲ့ဆရာတစ်ဦးပါ။ ဒီလိုထူးချွန်ထက်မြက်အောင် ခင်ဗျားဘယ်လိုလုပ်နိုင်ခဲ့သလဲ။ မွေးတာနဲ့ ဆရာကောင်းတစ်ဦးဖြစ်လာတာတော့ မဟုတ်လောက်ဘူးနော်။ ဒီလိုကောင်းမွန်တဲ့စရိုက်လက္ခဏာ၊ အသိပညာကို တိုးတက်အောင် ခင်ဗျားဘယ်လိုလုပ်ဆောင်ခဲ့သလဲ။ ခင်ဗျားရဲ့အတွေ့အကြုံကို ကျွန်တော်တို့နဲ့မျှဝေနိုင်မလား။
Rafe Esquithး ကျွန်တော်က အရမ်းကြိုးစားသူတစ်ယောက်မျှပါ။ ဇာတ်လမ်းတစ်ပုံမျှဝေရရင် တစ်ချိန်ကတိုတောင်းတဲ့ကာလတစ်ခုမှာ ကျွန်တော့်ကို ဆရာကောင်းတစ်ဦးဖြစ်စေခဲ့ပါတယ်။ ၁၉၉၂ခုနှစ်က ကျွန်တော်ကို အမေရိကန်ရဲ့အကောင်းဆုံးဆရာလို့ သတ်မှတ်ခံခဲ့ရပါတယ်။ ဒါဟာ ကျွန်တော့်ကိုထိတ်လန့်စေခဲ့ပါတယ်။ မီဒီယာတွေပြောသလို ကလေးတစ်ယောက်တိုင်းကို Rafe ကယ်တင်နိုင်တယ်ဆိုတာ တကယ်မဟုတ်ပါဘူး။ ကလေးတွေ Rafe ကိုချစ်တယ်ဆိုတာကလည်း အမှန်မဟုတ်ဘူး။
ကျောင်းဖွင့်တဲ့ပထမတစ်ရက်မှာ ကျွန်တော်အရမ်းစိတ်ရှုပ်မိတယ်။ ကလေးမလေးတစ်ယောက်က ကျွန်တော့်ရှေ့လာပြီး ကျွန်တော့်ကို မနက်စာလာပေးပါတယ်။ သူ့နာမည်ကို ကျွန်တော်မေးလိုက်တယ်။ ကျွန်တော့်ကို မနက်စာပေးစရာမလိုဘူး.. ကောင်းကောင်းသင်ယူ၊ ကောင်းကောင်းလုပ်လို့ သူ့ကိုကျွန်တော်ပြောလိုက်တယ်။ သောကြာနေ့ရောက်တော့ ကျွန်တော်တို့အရမ်းပျော်ရွှင်ကြောင်းပြောပြီး မေးစရာမေးခွန်းရှိလာလို့ ကျောင်းသားတွေကို ကျွန်တော်မေးလိုက်တယ်။ အဲဒီကျွန်တော့်ကို မနက်စာပေးခဲ့တဲ့ကလေးမက "ဆရာ... ပထမတစ်ရက်ကျောင်းတက်တာနဲ့ ကျွန်မအရမ်းဝမ်းသာခဲ့တယ်။ ဆရာ့အတန်းမှာ တက်ရဖို့ ကျွန်မစောင့်နေခဲ့တာကြာပြီ။ ဖေဖေမေမေတို့ကပြောတယ်.. ဆရာက ဘုရားသခင်ပါတဲ့။ ဆရာ့ကို ကျွန်မ မနက်စာပေးတာဟာ ကျွန်မကိုနှစ်သက်ဖို့မဟုတ်ပါဘူး။ ဆရာ့အတန်းမှာ ကျွန်မတက်ရရုံတင်တော်ပါပြီ" လို့ပြောတယ်။
ကျွန်တော်နားထောင်ပြီး ဝမ်းနည်းမိတယ်။ ကလေးမပြောတဲ့စကားက အမှန်ပါ။ သူ့ကို ကျွန်တော်ထိခိုက်စေခဲ့မိတယ်။ ဒီလိုနဲ့ ကလေးတွေကို မထိခိုက်အောင် ဘယ်လိုဆက်ဆံရမယ်ဆိုတာကို ကျွန်တော်နားလည်ခဲ့ပါတယ်။ နောက် ကျောင်းသူဟောင်းတစ်ဦးက သူ့ချစ်သူကို သူ့မိဘတွေဆီခေါ်သွားမပြခင် ကျွန်တော့်ဆီခေါ်လာခဲ့ပြီး သူအင်္ဂါနေ့မှာ ဟန်းနီမွန်းထွက်မယ်။ တကယ်လို့ တနလာင်္နေ့မှာအကူလိုရင် သူလာကူဦးမယ်လို့ဆိုတယ်။ ထူးချွန်ကောင်းမွန်တဲ့ကျောင်းသားတွေနဲ့ ကျွန်တော်ဆုံခဲ့ရတာက ကျွန်တော့်ကို ထူးချွန်ကောင်းမွန်တဲ့ဆရာတစ်ဦးဖြစ်လာစေခဲ့တာပါပဲ။
(၁ဝ) အလုပ်ထဲမှာ အခက်အခဲ၊ ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဒီကျောင်းဆရာဆိုတဲ့အလုပ်အပေါ် ခင်ဗျားပြင်းပြင်းပြပြ ယုံကြည်မှုရှိသေးလား။ ဒီ စာသင်သက် ၂၅နှစ်လုံးလုံး ခင်ဗျားရဲ့စိတ်အားထက်သန်မှုကို ခင်ဗျားဘယ်လိုထိန်းထားနိုင်ခဲ့သလဲ။
Rafe Esquithး ကြားရတာ တုံးတိတုံးအ,ဖြစ်ကောင်းဖြစ်မယ်... အမေရိကန်သမ္မတ၊ အင်္ဂလန်ဘုရင်မ ပြီးတော့ သရုပ်ဆောင်တော်တော်များများကို ကျွန်တော်တွေ့ခဲ့ဖူးတယ်။ ကျွန်တော့်အနေနဲ့ပြောရရင် ကလေးတွေရဲ့လန်းဆန်းတဲ့အပြုံးကိုတွေ့ရတာဟာ ကျွန်တော်အတွက် ဝမ်းအသာဆုံးပဲ။ ဒီကနေ့မှာ ကလေးတစ်ယောက်ကို ကျွန်တော်ကူညီနိုင်တယ်။ အခုချိန်မှာ ကလေးတွေအတွက် ပိုကောင်းတဲ့အခြေအနေကို ကျွန်တော်ဖန်တီးပေးနိုင်တယ်။ ကျွန်တော့်အမျိုးသမီးက မီးဖိုချောင်ပြင်မယ်တဲ့.. ကျွန်တော်တွက်ချက်ကြည့်တော့ နောက်နှစ်၎ဝဝလောက် ကျွန်တော်ဆရာထပ်လုပ်ရင် ငွေစုမိတန်ကောင်းပါရဲ့... (အားလုံး သူနဲ့အတူလိုက်ရယ်လျှက်)
(၁၁) ခုတစ်လော "Wolf Dad"(ဖဆိုး) "Tiger Mom"(မိဆိုး)ဆိုတဲ့ စကားလုံး ခေတ်စားနေတယ်။ သူတို့ကို ခင်ဗျားနှစ်သက်လား။ သူတို့ရဲ့သွန်သင်ဆုံးမပုံကို ခင်ဗျား ဘယ်လိုတန်ဖိုးဖြတ်မလဲ။
Rafe Esquithး သူတို့ကို ကျွန်တော်မကြိုက်ဘူး။ သူတို့က သူတို့ကိုယ်တာအတွက်ပဲသိတယ်။ ကျွန်တော်ရဲ့ပညာရေးစိတ်ကူးအတွေးက "အဖေတစ်ယောက်ဆိုရင် ကျေးဇူးပြုပြီး ခင်ဗျားပါးစပ်ကို ပိတ်ထားပါ။ ရှေ့ကနေ ကလေးရဲ့လမ်းကို ကာဆီးကာဆီးမလုပ်ပါနဲ့"။
စာသင်ခန်းမှာ ကျွန်တော်စကားသိပ်မပြောဘူး။ စကားပြောစင်လည်း မရှိဘူး။ ထောင့်တစ်နေရာမှာပဲ ကျွန်တော်ရပ်တယ်။ ကလေးတွေစကားပိုပြောနိုင်တဲ့ အခွင့်အရေးကို ပေးတယ်။ ကလေးတွေကို ကျွန်တော်ပေးတဲ့ပညာရေးက ကိုယ်တိုင်သင်ယူပါ... ကိုယ်တိုင်ကြီးပြင်းဖို့အတွက် ကိုယ်တိုင်တာဝန်ယူပါ။ ကျောင်းသားတွေကို ရိုးသားကြိုးစားသူတွေ၊ အတွေးအခေါ် ပွင့်လင်းထက်မြက်သူတွေဖြစ်ဖို့ ကျွန်တော်မျှော်လင့်တယ်။ သူတို့ကို ဒီလိုဖြစ်စေချင်ရင် ကျွန်တော့်မှာလည်း ဒါတွေရှိရတယ်။ ကျွန်တော့်ကလေး ၄ယောက်စလုံးတော်ကြပါတယ်။
(၁၂) မိဘအုပ်ထိန်းသူရဲ့ ပညာရေးအတွေးအမြင်နဲ့ ခင်ဗျားရဲ့ပညာရေးအတွေးအမြင် ကွဲလွဲတဲ့အခါ ဘယ်လိုလုပ်သလဲ။ မိဘအုပ်ထိန်းသူတွေ ခင်ဗျားရဲ့အတွေးအမြင်ကို ထောက်ခံသလား။
Rafe Esquithး စစတုန်းက ကျွန်တော်ရဲ့အတွေးအမြင်ကို မိဘတွေ သံသယဖြစ်ကြတယ်။ စောစောအတန်းတက်ရင်၊ နောက်ကျမှ အတန်းဆင်းရင် သူတို့စိတ်တိုကြတယ်။ အိမ်စာတွေမပေးလို့ဆိုပြီး မိဘတွေက ကျွန်တော့်အပေါ် မကျေနပ်ကြဘူး။ အိမ်စာဆိုတာ ဘာအတွက်မှကောင်းတာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ အဲဒီတုန်းက ကျွန်တော့်ကိုရူးနေတယ်လို့ အုပ်ထိန်းသူတွေက ထင်ကြတယ်။ ကျွန်တော့်ကို သူတို့လာပြောရင် သူတို့နဲ့ ကျွန်တော်အငြင်းမပွားဘူး။ သူတို့ အတန်းစောစောမလာချင်ရင် ကျွန်တော်သဘောတူလိုက်တယ်။ တကယ်လို့ အုပ်ထိန်းသူတွေနဲ့ အချိန်ကုန်ခံပြီး ကျွန်တော်အငြင်းပွားနေရင် ကလေးတွေနဲ့ ကျွန်တော်အတူနေရချိန် ပုပ်သွားလိမ့်မယ်။ အခုဆိုရင် လွယ်သွားပြီ… ကျွန်တော့်ဆီကိုပဲ လာချင်နေကြပြီ။ အဓိက,က သော့ချက်က အုပ်ထိန်းသူတွေ သင့်ကိုယုံကြည်ဖို့ပါပဲ။
(၁၃) တရုတ်ကလေးတွေရဲ့ ပညာသင်ယူရေးက ဝန်လေးလွန်းတယ်၊ ဖိအားများလွန်းတယ်။ ဒီ ဝန်နဲ့ဖိအားက အဖက်ဖက်ကလာတာဖြစ်တယ်။ လူမူဝန်းကျင်၊ မိဘအုပ်ထိန်းသူ၊ ကျောင်းနဲ့ ဆရာတွေဆီက အပါအဝင်ပေါ့။ တကယ်လို့ ခင်ဗျားဟာ တရုတ်ပညာရေးဝန်ကြီးဆိုရင် ဒီအခက်အခဲကို ခင်ဗျားဘယ်လိုဖြေရှင်းမလဲ။
Rafe Esquithး တကယ်လို့ ကျွန်တော်က ပညာရေးဝန်ကြီးဆိုရင် ၉ဝ%သော စာမေးပွဲကို ကျွန်တော်ပယ်ဖျက်လိုက်ပြီး ဂီတကို တစ်နာရီအချိန်ပေးလေ့ကျင့်မယ်။ ဂီတသင်ယူတဲ့ကျောင်းသားတွေက ပိုပျော်ရွှင်ကြတယ်။ တခြားဘာသာရပ်တွေလည်း ကောင်းသွားတာပဲ။ ပြဌာန်းသင်ရိုးညွှန်းတမ်းတွေအပေါ် သူတို့ အရမ်းကြိုးစားကြတယ်။ ဒါပေမယ့် အဲဒီကြိုးစားမှုကို အနုပညာဘာသာရပ်ပေါ်မှာလည်း ကျွန်တော်တို့ထားရမယ်။ ဆရာတွေကိုလည်း အရေးကြီးတဲ့အချက် ကျွန်တော်သင်ပေးဦးမယ်။ စာသင်ခန်းထဲမှာ ကလေးတွေ ကြောက်ရွံ့တယ်လို့မခံစားရအောင် ထားရမယ်။ တကယ်လို့ ကျွန်တော်က ပညာရေးဝန်ကြီးဆိုရင် ကျွန်တော်အရင်ဆုံးလုပ်မှာက ဆရာတွေကို သင်တန်းပေးလေ့ကျင့်မယ်။ ကျောင်းသားတွေကို အကြောက်တရားပပျောက်စေပြီး ယုံကြည်မှုအခြေခံတဲ့ အတွေးအခေါ်နဲ့ တည်ဆောက်မယ်။ ဒီလိုဆိုရင် ပညာရေးမှာ ကြီးမားတဲ့ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်လာနိုင်ပါတယ်။
(၁၄) မိဘအုပ်ထိန်းသူအနေနဲ့ ကလေးရဲ့ကြီးပြင်းတိုးတက်မှုအတွက် ဘာတွေပြင်ဆင်သင့်သလဲ။ ခင်ဗျားမှာ အရမ်းထင်ရှားတဲ့ တင်စားချက်တစ်ခု “ဉာဏ်ပညာလွယ်အိတ်”ဆိုတာရှိတယ်။ အဲဒီလွယ်အိတ်ထဲမှာ ဘာတွေထည့်သင့်တယ်လို့ ခင်ဗျားထင်သလဲ။
Rafe Esquithး ကျွန်တော့်မှာ သားသမီး၎ယောက်ရှိတယ်။ သူတို့အားလုံး ထူးချွန်ထက်မြက်ကြတယ်။ အောင်မြင်ကြတယ်။ ကျွန်တော်ဝင့်ကြွားနေတာ မဟုတ်ပါဘူး။ အုပ်ထိန်းသူတွေကို အကြံပေးချင်တဲ့ ပထမအချက်က နေ့တိုင်း ကလေးတွေနဲ့ ညစာအတူစားပါ။ အမေရိကန်မှာ မိသားစုတချို့ ညစာအတူ မစားကြဘူး။ ညစာစားချိန်မှာ သူတို့တီဗွီကြည့်ကြတယ်။ မိသားစုဝင်တွေက ကိုယ့်အိမ်ခန်း သူ့အိမ်ခန်းမှာ စားကြတယ်။ ညစာစားတယ်ဆိုတာ မိဘတွေက သားသမီးတွေကို ပညာသင်ပေးတဲ့ အခွင့်အရေးကောင်းတစ်ခုပဲ။ ဒီလို အတူတကွ ညစာစားဝိုင်းထဲ သားသမီးတွေ ပါကိုပါဝင်ရပါတယ်။ သူတို့ကို စားပွဲခင်းကျင်းပြင်ဆင်ဖို့ သင်စီစဉ်ပေးနိုင်တယ်။ ဒါမှမဟုတ် လွယ်ကူတဲ့ ဆလတ်ရွက်သုတ်တွေ သူတို့ပြုလုပ်နိုင်တယ်။ ညစာစားချိန်ဟာ အုပ်ထိန်းသူက ကလေးတွေကို သွန်သင်ပြနိုင်တဲ့ အချိန်ကောင်းဖြစ်ပါတယ်။
ဒုတိယအကြံပေးချင်တာက… အနားယူအိပ်စက်တဲ့ သူတို့ကိုယ်ပိုင်အိပ်ခန်းမှာ တီဗွီ၊ ကွန်ပြူတာမရှိပါစေနဲ့။ လေ့လာဆန်းစစ်ချက်တော်တော်များများမှာ အိပ်ခန်းမှာ တီဗွီ၊ ကွန်ပြူတာရှိတဲ့ ကလေးတွေရဲ့ပညာရေးနဲ့ လုပ်ဆောင်ချက်တွေက အိပ်ခန်းမှာ တီဗွီ၊ ကွန်ပြူတာမရှိတဲ့ ကလေးတွေလောက် မကောင်းဘူးတဲ့။ အိပ်ခန်းဆိုတာ ကလေးတွေအိပ်ဖို့အတွက် နေရာပါ။
တတိယအကြံပေးချင်တာက.. အုပ်ထိန်းသူတိုင်း ကိုယ့်ကလေးတွေကို ဂီတသင်ယူစေဖို့ ကျွန်တော်မျှော်လင့်ပါတယ်။
အရေးကြီးတဲ့အချက်တစ်ခုက အမေရိကန်ကလေးတွေဟာ အိပ်ရေးမဝကြဘူး။ သူတို့ကို ကျွန်တော်တို့ ဖိအားပေးလွန်းတယ်။ သူတို့ နောက်ကျမှအိပ်ရတယ်။ နောက်တစ်နေ့ ကျောင်းရောက်တော့ သူတို့နွမ်းလျနေကြပြီ။ ဒါကြောင့် အုပ်ထိန်းသူတွေကို ကျွန်တော်မေတ္တာရပ်ခံပါတယ်.. ကလေးတွေနဲ့အတူ ညစာစားပါ။ သူတို့ကို စောစောအိပ်ရာဝင်ပါစေ။ ဒီလိုဆိုရင် ကလေးတွေ ပိုပျော်ရွှင်ပြီး သင်ယူမှုမှာလည်း ပိုကောင်းလာနိုင်ပါတယ်။
Ref; https://www.facebook.com/photo.php?fbid=10151736493112358&set=a.10150157631057358.290579.204114152357&type=1

No comments:
Post a Comment