Benner

Monday 31 December 2012

စကားကြီး ဆယ်ခွန်း ပြောဆိုနည်း


(၁) ရေကူးညာတင်ပြောနည်း
မြစ်ကူးရာတွင် မြစ်ညာကတင်ပြီး ကူးမှ ရေစီးအတိုင်းလိုက်၍ အလိုက်သင့်လိုရာ ဆိပ်ကမ်းရောက်မည်ဖြစ်၏ ၊
စကားပြောဆိုရာတွင်လည်း လိုရင်းရောက်အောင် ကြိုတင်ပြင်ဆင်ပြီး ပြောထားခြင်းကို ဆိုလိုသည် ။

( ၂) ကောက်ပင်ရိတ်လှီးပြောနည်း
စပါးရိတ်သောအခါ ကောက်ပင်များကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီးမှ တံစဉ်နှင့် ပြန်ရိတ်ရ၏ ၊ စကားပြော ဆိုရာတွင်လည်း တဖက်လူ၏ စကားကိုမိမိရရဆုပ်ကိုင်မိမှ ချက်ကောင်းယူပြီး ပိုင်အောင်ပြောဆိုနည်းကိုဆိုလိုပါသည် ။

(၃) ရေစီးဖောင်ဆန်ပြောနည်း
ရေစီးသည့်နေရာမှာ ဖောင်ဆန်သည့်အခါ ဖြည်းညှင်းစွာထိုးဝါးနှင့် ထောက်ထောက်ပြီး စိတ်ရှည်လက်ရှည်
ဆန်တက်ရ၏ ၊ စကားပြောဆိုရာတွင်လည်း လိုရာရောက်အောင် စိတ်ရှည်လက်ရှည် သာယာညှင်းပျောင်းစွာပြောဆိုနည်းကို ဆိုလိုပါသည် ။

(၄) အိုးတန်ဆန်ခတ်ပြောနည်း
အိုးနှင့်ဆန်ကို တန်အောင်ချက်လျှင်နူးနပ်စွာ စားသုံးရ၏ ၊ စကားပြောဆိုရာတွင်လည်း မိမိပြောမည့်
စကားသည်မိမိပြောမည့်လူနှင့်တန်သောစကားမျိုးပြောမှ မိမိဆိုလိုရင်းကို ထိုသူသဘောပေါက်အောင် ပြောနိုင်မည်ဖြစ်၏ ။



(၅) ဆန်ပွတ်ကျည်ပွေ့ပြောနည်း
ဆီကိုရအောင် ပွတ်သည့်အခါ အထပ်ထပ်အခါခါ ပွတ်ရ၏ ။ စကားပြောဆိုရာတွင်လည်း မိမိပြောလိုသော
စကားအောင်မြင်အောင် အထပ်ထပ်အခါခါ ပြောရန်လိုအပ်သည်ကို ဆိုလိုပါသည် ။

(၆) ဆင်ဝှေ့ရန်ရောင်ပြောနည်း
ဆင်ဝှေ့သည့်ရန်ကို ရှောင်သည့်အခါ ကွေ့ပတ်ဝေ့၀ိုက်၍ရှောင်ရ၏ ၊ တည့်တည့်ပြေး၍မရ ၊ စကားပြောဆိုရာ
တွင်လည်း မိမိဘေးအန္တရာယ်ဖြစ်စေမည့် အနေအထားရှိလျှင် ကွေ့ပတ်ပြောရန်လိုအပ်သည်ကို ဆိုလိုပါသည်။

(၇) တောင်သူယာခုတ်ပြောနည်း
တောင်သူများ ယာခုတ်သည့်အခါ ချုံနွယ်ပိတ်ပေါင်းသစ်ပင်ငယ်များကို အရင်ခုတ်ပြီးမှ သစ်ပင်ကြီးများကို ခုတ်လှဲသည် ။ စကားပြောဆိုရာတွင်လည်း ကိစ္စငယ်များကို အရင်ကိုင်တွယ်ဖြေရှင်းပြီးမှ ကိစ္စကြီးကို ဖြေရှင်းပြောဆိုရန် ကိုဆိုလိုပါသည် ။

(၈) ကြက်ဆုတ်ခွပ်ပစ်ပြောနည်း
ကြက်တို့သည် ဆုတ်၍ အရှိန်ယူပြီးမှ ပြန်ခွပ်ပစ်တတ်သည် ။ စကားပြောဆိုရာတွင်လည်း တဖက်သား၏
စကားကို အလိုက်သင့် လျှော့ပေးပြီးမှ ပိုင်ကွက်တွေ့သည့်အခါ ပြန်ဖိပြီး ပြောပစ်လိုက်သော နည်းကိုဆို
လိုပါသည် ။

( ၉) ရေစစ်ကရားရေသွားသောသွင်ပြောနည်း
ရေစစ်ကရားသည် ရေသွားသောအခါတွင် တသွင်သွင်သွားသကဲ့သို့ ပိတ်၍လည်းရ၏ ။ မိမိပြောသော
စကားသည် ရပ်၍လည်းရ၏ ။ အဆက်မပြတ်ပြော၍လည်း ရသော စကားမျိုးဖြစ်ရမည်ဖြစ်၏ ။

(၁၀ ) ခက်တင်မောင်းနင်းပြောနည်း
မောင်းနင်းသည့်အခါ စည်းဝါးကိုက်ထောင်းနေသကဲ့သို့ ၊ စကားပြောဆိုရာတွင်လည်း တဖက်လူပြော
သည့်စကားကို ချက်ကျကျ အခွင့်ကောင်းယူပြီး ပြန်ပြောတတ်ရန်ဖြစ်ပေသည် ။

No comments: