Benner

Wednesday 1 August 2012

နေဝင်သွားသော နံနက်ခင်းများ အကြောင်း


သင်ဟာ ဘယ်သူ့အပေါ်မှာ ကောင်းခဲ့ဖူးပါသလဲ။ စေတနာ မြောက်များစွာဖြင့် ကူညီခဲ့ဖူးပါသလား။ အဲဒီစေတနာတွေကရော ဖြူစင်ရဲ့လား။ ဖြူစင်ရဲ့လား ဆိုတာက ..ဒီလိုရှိပါတယ်။ ကူညီမှု့ ဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်မှာ.. မျှော်လင့်ချက်တွေ ရှိကောင်းရှိနေကြတတ်ပါတယ်။ ဘယ်သူ့ကိုမှ မကူညီပါနဲ့.. အကယ်၍ သင့်ရဲ့ ကူညီမှု့ဟာ မျှော်လင့်ချက်တွေ ပါနေမယ်ဆိုရင်ပေါ့။ အဲသလိုမျိုး မျှော်လင့်ချက်နဲ့ ကူညီခဲ့တယ် ဆိုတာအများစုဟာ စိတ်ပျက်စွာ နဲ့ အဆုံးသတ်သွားရတတ်ပါတယ်။ အဲလိုအခြေအနေတွေကို ပြန်သုံးသပ်ကြည့်ရင် ကူညီမှု့ အတွက် ပီတိ ဝမ်းသာ ဖြစ်ရမဲ့အစား.. ငါ့ကျတော့ ဆိုတာမျိုးတွေးပြီး သူက အပြန်အလှန်မရှိတဲ့အတွက် သင်ဟာ သောက ရောက်ရပါလိမ့်မယ်။

အချို့အချို့သော ကူညီရတဲ့ အကြောင်းအရာများဟာ မပြောပလောက်ပေမဲ့ အမြဲတမ်း ကူညီ နေရတယ်။ ကိုယ့်အတွက်လည်း အပန်း မကြီးဘူး ဆိုတဲ့ အနေအထားမျိုးမှာပေါ့။ ဒါပေမဲ့... နောက်နောင်ပိုင်းမှာ အကူအညီခံယူနေတဲ့လူဟာ.. ကြာလာတော့ ဒါဟာ ငါ့ရပိုင်ခွင့်ဆိုတာမျိုးလည်း မြင်လာပြီး တခါတရံမှာ သင်မလိုက်လျောတာများ ကြုံခဲ့လျှင် ငြိုငြင်ခံရတာ တွေကို သင်ကြုံဖူးပါသလား။ အဲဒီ အဖြစ်အပျက်မျိုးတွေကြောင့် ထင်ပါရဲ့.." လူ၏ အကြိုက် ဆယ်ခါ လိုက်လည်း မလိုက်တစ်ခါ ရှိခဲ့ပါမူ ကြီးစွာ ရန်သူ စွဲမှတ်ယူ၏"..ဆိုတဲ့ ဆိုရိုး စကားလေးကို ရှေးပညာရှိ ကဝိများက စပ်ဆိုခဲ့ကြဟန် တူပါတယ်။ သင်ကော အဲသလို အဖြစ်မျိုး ကြုံဖူးပါသလား။ အကယ်၍ မကြုံဖူးဘူးဆိုလျှင်တော့ သင်ဟာ တကယ့်ကို ထိထိရောက်ရောက်နဲ့ အကြာကြီး မကူညီခဲ့ရတဲ့ လူတစ်ယောက်မို့ပါ။ နောက်နောင်မှာ သင်ကြုံတွေ့ လာနိုင်ပါတယ်။ ဒါပေမဲ့ မည်သို့ပင် ဖြစ်စေ ကူညီမှု့များဟာ သင့်အတွက် အတွေ့အကြုံအသစ်တွေကို ရစေသလို၊ ရင့်လည်း ရင့်ကြက်စေပါတယ်။ (တဖက်လူက ကောင်းသည်ဖြစ်စေ၊ ဆိုးသည် ဖြစ်စေပေါ့။)
တကယ်တော့ ကျနော်တို့တွေရဲ့ ဘဝတွေဟာ ဘာမှ မဟုတ်ပါဘူး။ လက်ရှိ ရပ်တည်နေရတဲ့ ဘဝရဲ့ အခိုက်အတန့် အချိန်လေးမှာ မျှော်လင့်ခြင်းမဲ့ စွာနဲ့ ကူညီကြမယ်ဆိုရင်၊ ဘဝဆိုတဲ့ အနားကွတ်ကလေးက အရောင်လက်နေမှာပါ။ လူတစ်ယောက်ရဲ့ ဘဝမှာ တန်းဖိုးအကြီးဆုံးက ယုံကြည်စိတ်ချရမှု့ ဖြစ်ပြီး သာယာချောမွေ့စေဖို့အတွက် အကောင်းဆုံးကတော့ နားလည်မှု့ ဆိုတဲ့ စကားလုံးပဲလို့ ရေးထားတာကို တွေ့ရပါတယ်။ လင်နဲ့မယား မှ၊ ချစ်သူ ရည်စားတွေမှ မဟုတ်ပါဘူး။ သူငယ်ချင်း အချင်းချင်း၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း၊ ..အားလုံးကြားမှာ နားလည်မှု့ ပေးနိုင်ဖို့.. ကျနော်တို့တွေ ကြိုးစားကြပါစို့။

လူဆိုး၊ လူမိုက်၊ သူခိုး၊ ကြာခို၊ အရက်သမား ဆိုတာတွေသာ လောကမှာ မရှိခဲ့ရင်လည်း ဘုရားလူကြီးဟာ ဘာကောင်မှ မဟုတ်ပါဘူးတဲ့။ (သာဂိနှင့် အောင်ဘု အဆိုအမိန့်)။

No comments: