Benner

Monday 20 December 2010

Bill Gates

Microsoft ကို ဖန်တီးမွေးဖွားပေးခဲ့သူ၊ အမေရိကန်လူမျိုး စီးပွားရေးဥသျှောင်တစ်ဆူဖြစ်ပြီး ဆင်းရဲနွမ်းပါးသူတွေကိုလည်း ထောက်ပံ့သူ Bill Gates ဟာ စာရေးဆရာတစ်ယောက်ဖြစ်သေးတဲ့အပြင် အင်မတန်အောင်မြင်နေတဲ့ လက်ရှိ Microsoft ကုမ္ပဏီကြီးရဲ့ Chairman တစ်ယောက်လည်းဖြစ်ပါတယ်။ နာမည်အရင်းက William Henry "Bill" Gates III ဖြစ်ပြီး ၁၉၅၅ အောက်တိုဘာလ ၂၈ ရက်နေ့က Seattle, Washington မှာ English, German, Scottish-Irish အနွယ်ဝင်တွေဖြစ်တဲ့ William H. Gates, Sr. နဲ့ Mary Maxwell Gate တို့ကနေ သူ့ကို မွေးဖွားခဲ့ပါတယ်။ သူ့မိသားစုဟာ အထက်တန်းစား လူလတ်ပိုင်းထဲကဖြစ်ပြီး သူ့ဖခင်ဟာ ကျော်ကြားတဲ့ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ သူ့မိခင်ကတော့ First Interstate BancSystem, Inc. ဘဏ်လုပ်ငန်းကြီးနဲ့ United Way ဆိုတဲ့ ပရဟိတအဖွဲ့အစည်းရဲ့ အရေးပါတဲ့ ဒါရိုက်တာBoard အဖွဲ့ဝင်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ Bill Gates မှာ Kristianne လို့ခေါ်တဲ့ အစ်မကြီးတစ်ယောက်နဲ့ Libby ဆိုတဲ့ ညီမတစ်ယောက်လည်းရှိပါတယ်။ သူ့မျိုးနွယ်တွေထဲမှာ သူ့နာမည်မျိုးထပ်တူကျတဲ့သူ ၄ဦးရှိပါတယ်။ သူဟာ ၄ ယောက်မြောက် ဒီနာမည်ကိုပိုင်ဆိုင်သူဖြစ်ပါတယ်။ ဒါပေမယ့် သူ့ဖခင်ရဲ့နာမည်မှာ အနောက်က III ဆိုတဲ့ suffix လေးကို ဖြုတ်ခဲ့တဲ့အတွက် သူက အလိုအလျောက် W.H. Bill Gates III ဖြစ်သွားပါတယ်။ သူ ငယ်စဉ်တုန်းက သူ့ကိုသူ့မိဘတွေက ရှေ့နေအရာရှိတစ်ယောက် ဖြစ်စေချင်ခဲ့ပါတယ်။
            သူ့အသက် ၁၃ နှစ်မှာ Lakeside School မှာကျောင်းတက်ခဲ့ပါတယ်။ သူ ၈တန်းရောက်တဲ့အခါ ကျောင်းက “အမေများအဖွဲ့” ကနေပြီး ကျောင်းသားတွေအတွက် General Electric (GE) computer တစ်လုံးနဲ့ ASR-33 teletype terminal တစ်ခုဝယ်ပေးဖို့ ရန်ပုံငွေရှာတဲ့အနေနဲ့ 2nd hand ပစ္စည်းတွေ ရောင်းချပွဲလေး ပြုလုပ်ပေးခဲ့ပါတယ်။ အဲ့ဒီအချိန်ကနေစပြီး Gates ဟာ BASIC programming language နဲ့ GE system တွေရေးရတာကို စိတ်ပါဝင်စားလာခဲ့ပါတယ်။ အဲဒါကြောင့်ပဲ သင်္ချာသင်ခန်းစာချိန်တွေကိုဖျက်ပြီးတော့သူစိတ်ပါဝင်စားရာ နောက်ကိုတကောက်ကောက် လိုက်ခဲ့မိပါတော့တယ်။ သူဟာ ဒီmachine ပေါ်မှာအခြေခံပြီး သူ့ရဲ့ပထမဦးဆုံး computer program ကိုရေးခဲ့ပါတယ်။ အဲဒါကတော့ users တွေ ကွန်ပြူတာကိုအသုံးချပြီး ဆော့ကစားနိုင်မယ့် tic-tac-toe games (ကြက်ခြေခတ်နဲ့ သုညလေးတွေကို အကွက်ကိုးကွက်ချပြီး လူနှစ်ဦးကစားနည်း) လေးတွေဖြစ်ပါတယ်။ Gates ဟာ GE machine ကိုအသုံးချရတာနဲ့ software code တွေကို ဘယ်လိုပြီးပြည့်စုံအောင် လုပ်ဆောင်ရမယ်ဆိုတာကို တော်တော်ကြာစွဲလမ်းရူးသွပ်ခဲ့ပါတယ်။ ဒါကိုသူကိုယ်တိုင် သတိထားမိသွားတဲ့အခါမှာတော့ သူကဒီလိုမှတ်ချက်ချပါတယ်။ “ဒီစက်နဲ့ပတ်သက်ပြီးတော့ တော်တော်ပိရိသေသပ်တဲ့ တစ်စုံတစ်ခုပဲရှိနေပါတယ်” တဲ့။  
        အမေများအဖွဲ့ရဲ့ donation ပြီးသွားတဲ့အခါမှာ Gates နဲ့ တခြားကျောင်းသားတစ်စုဟာ DEC, PDP minicomputers system တွေကို အစွမ်းကုန် လေ့လာခွဲခြမ်းကြပါတော့တယ်။ ဒီsystem တွေထဲက တစ်ခုဖြစ်တဲ့ PDP-10 ဟာ Computer Center Corporation (CCC) အဖွဲ့နဲ့ ပိုင်ဆိုင်ပတ်သက်နေပါတယ်။  Operation System (OS) ထဲမှာ ပိုးမွှား(bugs)တွေ ဖော်ထုတ်တွေ့ရှိတဲ့အတွက် Lakeside ကျောင်းသားတွေဖြစ်တဲ့ Gates, Paul Allen, Ric Weiland နဲ့ Kent Evans တို့လေးယောက်ကို တစ်နွေလုံး ကွန်ပြူတာချိန်တက်ရောက်ဖို့ ပိတ်ပင်လိုက်ပါတော့တယ်။
        အဲ့ဒီထုတ်ပယ်မှု ကာလပြီးဆုံးသွားတဲ့အချိန်မှာ ကွန်ပြူတာအချိန်ကို လဲလှယ်လိုက်ရတဲ့ အတွက် သူတို့လေးယောက်ဟာ CCC ရဲ့ software ထဲမှာ bugs တွေကို လိုက်ရှာကြပါတယ်။ Teletype ကတစ်ဆင့် system ကိုအသုံးပြနေရတာထက် CCC ရုံးတွေကို Gates က ကိုယ်တိုင်လျှောက်သွားပြီး FORTRAN, LISP နဲ့  machine language ပရိုဂရမ်တွေအပါအဝင် system ကို run ပေးနိုင်တဲ့ ပရိုဂရမ်အမျိုးမျိုးကို ရေးဖို့အတွက် source code ကို လေ့လာခဲ့ပါတယ်။ CCC ကုမ္ပဏီ စီးပွားရေးချွတ်ခြုံကျသွားတဲ့ ၁၉၇၀ ခုနှစ်အထိ Gates ဟာ အဲ့ဒီမှာပဲ ဆက်လက်လေ့လာခဲ့ပါတယ်။ နောက်တစ်နှစ်မှာတော့ Information Sciences, Inc. ကနေပြီးတော့ COBOL language နဲ့ payroll program တစ်ခုရေးဖို့အတွက် အဲ့ဒီ Lakeside ကျောင်းသားလေးယောက်ကိုပဲ ငှါးရမ်းခေါ်ယူပြီး ကွန်ပြူတာလေ့လာချိန်များများနဲ့ လစာကောင်းကောင်း ပေးထားပါတယ်။ သူ့ရဲ့ programming စွမ်းရည်ကို အထက်လူကြီး administrators တွေ သတိပြုမိလာတဲ့အချိန်မှာတော့ Gates ဟာ စာသင်ခန်းတွေအတွက် ကျောင်းသားတွေရဲ့ ကျောင်းအချိန်ဇယား program တွေကို ရေးပေးနေရပါပြီ။ ကျောင်းသူလေးတွေအများကြီးနဲ့ သူကိုယ်တိုင် စာသင်ခန်းတစ်ခန်းတည်းကျအောင်လည်း Gates က ပြုပြင်ရေးသားလိုက်ပါသေးတယ်။ “ကျွန်တော့်ကို အောင်မြင်မှုရစေဖို့သေချာနေတဲ့ machine တစ်ခုကနေ ကျွန်တော့်ကိုယ်ကျွန်တော် ခွာထုတ်ရပ်တန့်ပစ်ဖို့ဆိုတာ အင်မတန်ခက်ပါတယ်” လို့ သူက ပြောခဲ့ပါတယ်။

       အသက် ၁၇ နှစ်မှာ Gates ဟာ Paul Allen, Paul Gilbert တို့နဲ့ပေါင်းပြီး Intel 8008 processor ကိုအခြေခံတဲ့ traffic counters တွေကို မှတ်တမ်းကောက်ယူဖို့အတွက် Traf-O-Data ဆိုပြီး တဖန်ဆန်းသစ်လိုက်ပြန်ပါတယ်။ Traf-O-Data ဆိုတာကတော့ traffics တွေကို တွက်ချက်ပေးပြီး ဘယ်လမ်းကဖြင့် traffic jam တွေဖြစ်တယ်၊ ဘယ်လမ်းကြောကို လူတွေအသုံးပြုမှုပိုများတယ် စသဖြင့်သိနိုင်ပါတယ်။ နောက်ပြီး traffic engineers တွေအတွက်လည်း အသုံးဝင်တဲ့ raw data တွေ ကောက်ယူဖန်တီးပေးနိုင်တဲ့ program တစ်ခုပါ။ ၁၉၇၃ ခုနှစ်အစောပိုင်းက U.S House of Representatives မှာ Gates က ကွန်ဂရက်လွှတ်တော်ဝန်ထမ်းအနေနဲ့ အမှုထမ်းခဲ့ပါသေးတယ်။
          Lakeside ကျောင်းကနေပဲ ၁၉၇၃ ခုနှစ်မှာ Gates အထက်တန်းအောင်မြင်ခဲ့ပါတယ်။ SAT ဘာသာရပ်ရဲ့ အမှတ်ပေါင်း ၁၆၀၀ ရှိတာမှာ သူက ၁၅၉၀ မှတ်ရရှိခဲ့ပြီးတော့ ၁၉၇၃ နွေဦးမှာ Harvard College ကိုတက်ရောက်ခွင့်ရသွားပါတယ်။ Harvard မှာ ကျောင်းတက်နေစဉ်မှာပဲ (နောင်တချိန်မှာ သူ့ကို Microsoft ရဲ့ CEO ဖြစ်အောင် မြေတောင်မြှောက်ပေးမယ့်) Steve Ballmer နဲ့ (နောင်တချိန်မှာ pancake sorting စာတမ်းကို အတူတူရေးဖော်ရေးဖက်ဖြစ်မယ့်) Christos Papadimitriou တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ Harvard ကျောင်းသားဘဝမှာတုန်းက Gates ဆီမှာ တိကျသေချာတဲ့ ရည်မှန်းချက်/ study plan မယ်မယ်ရရမရှိခဲ့ဘဲနဲ့ ကျောင်းကကွန်ပြူတာတွေနဲ့ပဲ အချိန်ကုန်နေခဲ့ပါတယ်။ သူငယ်ချင်း Paul Allen နဲ့ အဆက်အသွယ်မပြတ်ရှိခဲ့ပြီး ၁၉၇၄ ခုနှစ် နွေရာသီတလျှောက်လုံး သူနဲ့အတူ Honeywell ကုမ္ပဏီမှာ ပူးတွဲလုပ်ကိုင်ခဲ့ပါတယ်။ Intel 8080 CPU ကိုအခြေခံတဲ့ MITS Altair 8800 ကို နောက်တစ်နှစ်မှာပဲ ထုတ်လုပ်ခဲ့ပါတယ်။ ဒီအခွင့်အရေးကို အသုံးချပြီး Gates နဲ့ Allen ဟာ ကိုယ်ပိုင် computer software company တစ်ခုထောင်ဖို့ ခြေလှမ်းစခဲ့ကြပါတယ်။ ဒီဆုံးဖြတ်ချက်ကို သူ့မိဘတွေနဲ့ တိုင်ပင်ပြောပြကြည့်ခဲ့ပါတယ်။ ကုမ္ပဏီတစ်ခုထောင်ဖို့ Gates ဘယ်လောက်တောင် လိုလားတောင့်တနေတယ်ဆိုတာကို တွေ့မြင်ရတဲ့ မိဘနှစ်ပါးဟာလည်း Gates ကို ပံ့ပိုးခဲ့ကြပါတယ်။၁၉၇၅ ဇန်န၀ါရီလ မှာ Altair 8800 ကို မိတ်ဆက်တဲ့ Popular Electronics မဂ္ဂဇင်းကို Gates ဖတ်ပြီးတဲ့နောက်မှာ New Microcomputer ရဲ့ တီထွင်သူတွေဖြစ်တဲ့ (MITS) Micro Instrumentation and Telemetry System ကိုဆက်သွယ်ပြီး သူတို့တွေဟာ acronym တစ်ခုဖြစ်တဲ့ BASIC လို့ခေါ်တဲ့ Beginner's All-purpose Symbolic Instruction Code ကို လုပ်ဆောင်ခဲ့တဲ့အကြောင်းပြောပြခဲ့ပါတယ်။ အမှန်တကယ်တော့ Gates နဲ့ Allen တို့ဟာ ဘာမှ မရေးခဲ့ကြပါဘူး။ MITS ရဲ့ စိတ်ဝင်စားမှုရလောက်ရုံမျှသာ ဆက်သွယ်ခဲ့တာဖြစ်ပါတယ်။ MITS ရဲ့ဥက္ကဌ ဖြစ်တဲ့ Ed Roberts ဟာသူတို့နဲ့တွေ့ဖို့ လက်ခံခဲ့ပါတယ်။ သီတင်းပတ်အနည်းငယ်အကြာမှာပဲ သူတို့ဟာ minicomputer တွေမှာအသုံးပြုတဲ့ Altair တွေကို သာလွန်ကောင်းမွန်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ လက်တွေ့သရုပ်ပြပွဲကိုလည်း Albuquerque မြို့မှာ ပြုလုပ်နိုင်ခဲ့ပါတယ်။ အဲဒီသရုပ်ပြပွဲက အောင်မြင်မှုရရှိခဲ့ပြီး သူတို့ကို Altair BASIC Interpreter တစ်ခုကို MITS နဲ့ထုတ်လုပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ Allen ဟာလည်း MITS က ခန့်အပ်ခြင်းခံရပါတယ်။ Gates ကိုယ်တိုင်လည်း ၁၉၇၉ ခုနှစ် နိုဝင်ဘာလမှာ Harvard တက္ကသိုလ်ကနေခွင့်ယူပြီး Allen နဲ့ MITS မှာ အလုပ်လုပ်ဖြစ်ခဲ့ပါတယ်။ သူတို့ရဲ့လက်တွဲလုပ်ဆောင်မူကို Micro-Soft လို့နာမည်ပေးခဲ့ပြီး သူတို့ရဲ့ ပထမဦးဆုံး ရုံးခန်းလေးကို Albuquerque မှာဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ၁၉၇၆ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်မှာပဲ သူတို့အလုပ်လုပ်ခဲ့တဲ့ တစ်နှစ်အတွင်းမှာ Micro-Soft ဆိုတဲ့ နာမည်ကနေ hyphen လေးကိုဖြုတ်လိုက်ပြီး New Mexico ပြည်နယ်ရဲ့ အတွင်းဝန်ရုံးချုပ်မှာ “Microsoft” ဆိုတဲ့နာမည်နဲ့ တရားဝင် စာရင်းသွင်းခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်း Gates ဟာ တက္ကသိုလ်ကိုပြန်ပြီး စာဆက်မသင်ဖြစ်တော့ပါဘူး။ Microsoft ရဲ့ BASIC ဟာ ကွန်ပြူတာလေ့လာ လိုက်စားသူတွေကြားထဲမှာ အရမ်းကို နာမည်ကျော်ကြားလာခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့BA SIC ဟာ ဈေးကွက်ထဲမှာ အရမ်းကျယ်ပြန့်နေပြီး တရားမ၀င် copy တွေ ကူးယူဖြန့်ချိနေတာကို Gates က ထုတ်ဖော်သိရှိသွားပါတယ်။ ၁၉၇၆ ဖေဖော်ဝါရီလ မှာ Gates ဟာ MITS ရဲ့ သတင်းစာဆောင်းပါးကနေပြီးတော့ ကွန်ပြူတာလေ့လာလိုက်စားသူတွေကို တရားဝင် ပြဌာန်းစာတစ်စောင်ရေးသားပြီး သတိပေးခဲ့ပါတယ်။ အဲဒီစာထဲမှာတော့ ပိုက်ဆံပေးသွင်းခြင်းမရှိဘဲနဲ့ MITS ကနေပြီးတော့ ထုတ်လုပ်ခြင်း၊ ဖြန့်ချိခြင်း၊ Software Quality ထိန်းသိမ်းခြင်းတွေကို လုပ်ဆောင်တော့မှာမဟုတ်ကြောင်းဖြစ်ပါတယ်။ ဒါပေမယ့် သူရဲ့စာဟာ လေ့လာလိုက်စားသူတွေကြားမှာ ထင်သလောက်မထိရောက်ခဲ့ပါဘူး။ Gates ကတော့ သူရဲ့ယုံကြည်ချက်ဖြစ်တဲ့ Software Developers တွေဟာ ပိုက်ဆံပေးသွင်းခြင်းကို လုပ်ဆောင်နိုင်ရမယ်ဆိုပြီး ဇွဲမလျှော့ဘဲ ဆက်လက်ကြိုးစားခဲ့ပါတယ်။
       ၁၉၇၆ ခုနှစ်နောက်ပိုင်းတွေမှာ Microsoft ဟာ MITS ရဲ့ လက်အောက်ကနေခွဲထွက်ပြီး တစ်ဦးတည်းစတင်ရပ်တည်ခဲ့ပါတယ်။ ဒါ့အပြင် system အမျိုးမျိုးအတွက် language software programming တွေ တိုးတက်ခေတ်မှီနေအောင် ဆက်လက်ရှေ့တိုးနိုင်ခဲ့ပါတယ်။ ၁၉၇၉ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှာ Microsoft ကို လက်ရှိတည်နေရာကနေပြီး Washington မှာရှိတဲ့ Bellevue နေရာကို ရွှေ့ပြောင်းခဲ့ပါတယ်။ Microsoft ရဲ့ ကနဦးပိုင်းနှစ်တွေတောက်လျှောက် ၀န်ထမ်းအားလုံးဟာ ကုမ္ပဏီရဲ့ စီးပွားရေးအတွက် အင်မတန် တာဝန်တကြီး လုပ်ကိုင်ကြရပါတယ်။ Gates အနေနဲ့ ဒါကိုသိမြင်ပေမယ့်လည်း Code တွေကို ဆက်လက်ရေးမြဲရေးနေဆဲပါပဲ။ စစချင်း ၅ နှစ်အတွင်းမှာ ကုမ္ပဏီကထွက်ရှိထားတဲ့ Code မှန်သမျှရဲ့ တစ်ကြောင်းချင်းစီကို သူကိုယ်တိုင် အသေအချာ review ပြန်လုပ်ပါတယ်။ ပြန်ပြီး ပြင်ဆင်ရေးသားသင့်တယ်လို့ ထင်တာတွေကိုလည်း မကြာမကြာပြန်ရေးလေ့ရှိပါတယ်။  
             ၁၉၈၀ ပြည့်နှစ်မှာ New York မှာရှိတဲ့ (IBM) International Business Machines Corporation က သူတို့ရဲ့အသစ်ထွက်ရှိမယ့် IBM PC ဆိုတဲ့ personal computer အတွက် BASIC Interpreter ကို ၀င်ရောက်ရေးသားပေးဖို့ Microsoft ကိုကမ်းလှမ်းခဲ့ပါတယ်။ IBM ကိုယ်စားလှယ်တွေက သူတို့ OS တစ်ခုလိုအပ်နေပါတယ်လို့ ဆိုလာကြတဲ့အခါ Gates က အသုံးကျယ်နေပြီဖြစ်တဲ့ CP/M operation system ကိုမွမ်းမံပြီး  DRI (Digital Research) အဖြစ်နဲ့ လိုအပ်နေတဲ့ OS ကိုလုပ်ဖို့ တိုက်တွန်းပါတယ်။ ဒါပေမယ့် DRI Research အပေါ် IBM နဲ့ဆွေးနွေးလို့ ဘယ်လိုမှ မအောင်မြင်ခဲ့တဲ့အတွက် လိုင်စင်သဘောတူညီမှု မရရှိလိုက်ပါဘူး။ IBM ကိုယ်စားလှယ်တစ်ယောက်ဖြစ်တဲ့ Jack Sams က Gates နဲ့တွေ့ဆုံပြီး လိုင်စင်အခက်အခဲတွေအကြောင်း ရှင်းပြခဲ့ပါတယ်။ လက်ခံနိုင်လောက်တဲ့ OS တစ်ခုတင်ပြဖို့လည်း ပြောပါတယ်။ ဒီလိုနဲ့နောက်သီတင်းပတ် အနည်းငယ်အကြာမှာ PC hardware အတွက်ဆိုပြီး Seattle Computer Products (SCP) ကုမ္ပဏီက Tim Paterson ပြုလုပ်ခဲ့တဲ့ CP/M နဲ့ ခပ်ဆင်ဆင် OS တစ်ခုဖြစ်တဲ့  86-DOS (QDOS) ကို ပြောင်းလဲတင်ပြခဲ့ပါတယ်။
       
Microsoft ဟာ အထူးလိုင်စင် Agent အဖြစ် SCP နဲ့ ပူးပေါင်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ 86-DOS ရဲ့ တစ်ဦးတည်းပိုင်ရှင် (full owner) ဖြစ်လာခဲ့ပါတယ်။ PC အတွက် OS ကို ပြုပြင်ရေးဆွဲပြီးတဲ့အခါမှာ PC-DOS အနေနဲ့ IBM ဆီကို တစ်ကြိမ်ကို ဒေါ်လာ ၅၀၀၀ နှုန်းနဲ့ Microsoft က တင်သွင်းခဲ့ပါတယ်။ ဒါပေမယ့်  ဒီ OS အတွက် copyright ကိုတော့ Gates က လွှဲပြောင်းမပေးခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ တခြား hardware ရောင်းသူတွေက IBM ရဲ့ system ကို copy ပွါးလိမ့်မယ်ဆိုတာ Gates က ယုံကြည်နေလို့ပဲဖြစ်ပါတယ်။ သူထင်တဲ့အတိုင်းလည်း တကယ်ဖြစ်ခဲ့ပါတယ်။ MS-DOS ရောင်းချမှုဟာ Microsoft ကို ဈေးကွက်နယ်ပယ်ထဲမှာ တော်တော်နေရာရသွားအောင် အဓိကလုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ၁၉၈၁ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှာတော့ Microsoft ကုမ္ပဏီကို အသစ်ပြန်လည်ဖွဲ့စည်းပြီး Washington ပြည်နယ်မှာ တစ်စုတစ်စည်းတည်းဖြစ်အောင် ပြန်လည်နေရာချထားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Gates ဟာ President of Microsoft နဲ့ Chairman of the Board ဖြစ်လာခဲ့ပါတယ်။
         ၁၉၈၅ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့မှာ Microsoft ဟာ သူ့ရဲ့ ပထမဦးဆုံး Microsoft Windows Version ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ သြဂုတ်လမှာတော့ OS/2 လို့ခေါ်တဲ့ OS သစ်တစ်ခုကို IBM နဲ့အတူ ဖန်တီးထုတ်လုပ်လိုက်ပါတယ်။ ဒီကုမ္ပဏီနှစ်ခုဟာ system အသစ်နဲ့ ပထမ version ကို အတူတူ အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပေမယ့်လည်း ပိုမိုခြားနားလာတဲ့ ဖန်တီးမှုခြားနားချက်တွေကြောင့် သူတို့ကြားက partnership ယိုင်နဲ့လာခဲ့ပါတယ်။  ၁၉၉၁ ခုနှစ် မေလ ၁၆ ရက်နေ့မှာ OS/2 partnership ပြီးဆုံးသွားပြီဖြစ်ကြောင်း၊ Microsoft အနေနဲ့ Windows NT Kernel တိုးတက်ဖြစ်ထွန်းဖို့ ဆက်လက်ဖိအားပေး လုပ်ဆောင်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ကြေညာထားတဲ့ ပြန်တမ်းတစ်ခုကို Bill Gates ဖြန့်လိုက်ပါတယ်။ 
         Bill Gates ရဲ့ Microsoft ဟာ စတင်ခဲ့တဲ့ အချိန်ထက်စာရင် အခုအချိန်မှာ အရမ်းကိုတိုးတက်နေပြီဖြစ်ပါတယ်။ အရင်က Microsoft ရဲ့ CEO အဖြစ်တာဝန်ယူခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှာတော့ သူ့ရဲ့ CEO ရာထူးကို သူ့ရဲ့ကောလိပ်တုန်းက သူငယ်ချင်းလည်းဖြစ်၊ Microsoft မှာလည်း ၁၉၈၀ ကတည်းက တာဝန်ထမ်းဆောင်ခဲ့တဲ့ Steve Ballmar ကိုလွှဲအပ်ခဲ့ပြီး သူကိုယ်တိုင်ကတော့ Chief Software Architect အဖြစ်တာဝန်ယူခဲ့ပါတယ်။ Microsoft ဟာ  DOS, Windows 3.1 ကနေစပြီး အဆင့်ဆင့်တိုးတက်လာခဲ့တာ အခုနောက်ဆုံး Windows Vista, Windows 7 အထိ ဖန်တီးနိုင်ခဲ့ပါပြီ။ Microsoft ရဲ့အောင်မြင်မှုကလည်း တစ်စတစ်စ ကြီးမားလာခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ Windows Vista ကို ဖြန့်ချိခဲ့ပြီး တစ်ချိန်တည်းမှာပဲ Microsoft Office 2007 ကိုလည်း ဖြန့်ချိခဲ့ပြန်ပါတယ်။ အဲဒီ့ ပစ္စည်းနှစ်မျိုးလုံးဟာလည်း ရောင်းအားအထူးကောင်းခဲ့ပြီး ၂၀၀၇ ခုနှစ်အတွက် ၀င်ငွေစံချိန်တင်နိုင်ခဲ့ပါတယ်။ ၂၀၀၉ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ Microsoft ဟာ Microsoft-branded Retail Store တွေဖွင့်မယ်လို့ကြေညာခဲ့ပါတယ်။ ဘယ်နေရာမှာဖွင့်မယ်၊ ဘယ်တော့ဖွင့်မယ်ဆိုတာကိုတော့ မပြောခဲ့ပါဘူး။ အဲဒီ့အတွက် နဲ့ Apple ကိုလိုက်လံတုပတယ်ဆိုတဲ့ ဝေဖန်ချက်တွေ၊ အောင်မြင်နိုင်ပါ့မလားဆိုတဲ့အမေးတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၀၉ ခုနှစ် အောက်တိုဘာ ၂၂ ရက်မှာတော့ Scottsdale, Arizona မှာ ပထမဦးဆုံး Microsoft-branded Retail Store ကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
          
တစ်ပတ်အကြာမှာ ဒုတိယမြောက်ဆိုင်ကို California မှာထပ်မံပြီးဖွင့်ခဲ့ပါတယ်။ အခုဆိုရင် Microsoft store ၃ခု ရှိနေပြီဖြစ်ပြီး နောက်ဆုံးဆိုင်ကို ၂၀၁၀ ဇွန်လ ၁၀ရက်နေ့မှာ Colorado မှာ ဖွင့်ခဲ့ပါတယ်။ Retail Store တွေမှာ Windows Software တွေ၊  Microsoft Office, Zune နဲ့ Xbox 360 game တွေကို ရရှိနိုင်ပါတယ်။ ဒါ့အပြင် HP, Dell, Acer,  Lenovo, Sony စတဲ့  Branded PC တွေလည်းရရှိနိုင်ပြီး Technical Advisers တွေခန့်ပြီး customer တွေရဲ့ အခက်အခဲတွေကို ပြေလည်အောင် ၀န်ဆောင်မှုပေးပါသေးတယ်။ တစ်ရက်တည်းမှာပဲ Windows 7 ကလည်း တရားဝင်ထွက်ရှိလာခဲ့ပါတယ်။ အသစ်ထွက်ရှိလာတဲ့ Windows 7 ဟာ ထူးထူးခြားခြား လုပ်ဆောင်မှုတွေမပါဝင်ဘဲ Windows 7 မတိုင်ခင်ထွက်ရှိခဲ့တဲ့ Vista ကို ပိုမိုလွယ်ကူစွာ အသုံးချနိုင်အောင် ပြုလုပ်ထားတဲ့ Windows ပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Microsoft ရဲ့ ကုန်ပစ္စည်းတွေ၊ Software ထုတ်လုပ်မှုများစွာတို့က ကျယ်ပြန့်နေပြီဖြစ်ပါတယ်။

        ၂၀၁၀ခုနှစ်မှာ Product Division ငါးခုရှိနေပြီး အမျိုးမျိုးသောအရာတွေကို ဖြန့်ချိနေပါတယ်။ Microsoft က software မျိုးစုံထုတ်လုပ်ခဲ့တဲ့အနက် Visual Basic, Visual Basic Express, Windows XP, Windows Vista နဲ့ Windows 7 တို့ဟာ လူကြိုက်များခဲ့ပါတယ်။ Windows 7 လိုမျိုး windows ထုတ်လုပ်မှု၊ MSN အပြင် Bing ဆိုတဲ့ search engine တွေမှာ ၀န်ဆောင်မှုပေးတာတွေလည်း ပြုလုပ်ပါသေးတယ်။ ဒါ့အပြင် Microsoft Office 2010, Xbox 360 နဲ့ Zune တို့အတွက်လည်း Hardware တွေထုတ်လုပ်ခဲ့ပါတယ်။ Microsoft ဟာ cable news channel တွေအထိ ခြေလှမ်းလာခဲ့ပြီး ၂၀၀၉ခုနှစ် ဒီဇင်ဘာလက တွေ့ရှိချက်အရ news channel တစ်ခုဖြစ်တဲ့ MSNBC မှာ ပိုင်ဆိုင်မှု ၁၈% ရှိတယ်လို့ဆိုပါတယ်။ Microsoft ဟာအခုဆိုရင် Mobiles ဈေးကွက်တွင်းကိုပါဝင်ရောက်လာပြီး PDA နဲ့ Smartphone တို့အတွက် Window CE ကို ထုတ်လုပ်ခဲ့ပါတယ်။ ဒါတင်မကဘဲ Windows PC games တွေဖြစ်တဲ့ Age of Empires, Halo နဲ့ Microsoft Flight Simulator စတာတွေကိုလည်း တီထွင်ခဲ့ပြန်ပါတယ်။ ယနေ့ခေတ်မှာ Microsoft ရဲ့လုပ်ဆောင်မှုတွေက အံ့မခမ်းတိုးတက်နေပြီး နောင်အနာဂတ်မှာလည်း ဆက်လက်ရပ်တည်နေနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ Bill Gates ဟာ ၂၀၀၈ ခုနှစ် ဇွန်လ ၂၇ ရက်မှာ သူ့ရဲ့ Chief Software Architect ရာထူးနဲ့အတူ Microsoft အတွက် အချိန်ပြည့်မလုပ်တော့ဘဲ အနားယူခဲ့ပေမယ့် Microsoft ရဲ့ Chairman အဖြစ်ကတော့ ဆက်လက်တည်ရှိနေဆဲပါပဲ။ ၁၉၇၅ ကတည်းကစတင်ခဲ့တဲ့ Microsoft ဟာ အခုအချိန်မှာ ကွန်ပြူတာသုံးစွဲသူတိုင်း မသိသူမရှိအောင်ကို အောင်မြင်ပြီးအရေးပါနေပြီဖြစ်ပါတယ်။
           
Bill Gates ဟာ စိတ်ကူးဥာဏ်နဲ့ တီထွင်မှုအပိုင်းမှာ အောင်မြင်ကျော်ကြားရုံသာမက ပရဟိတလုပ်ငန်းများကိုလည်း စိတ်အားထက်သန်စွာ လုပ်ဆောင်နေတဲ့သူတစ်ဦးဖြစ်ပါတယ်။ Bill Gates က သူရဲ့အောင်မြင်ကျော်ကြားမှုတွေ၊ ကြွယ်ဝချမ်းသာမှုတွေကြောင့် သူရဲ့ချမ်းသာကြွယ်ဝမှုရဲ့  တချို့တ၀က်ကို ပရဟိတလုပ်ငန်းတွေလုပ်ဖို့ လူထုကသူ့အပေါ်မှာ မျှော်လင့်ချက်ထားရှိလာကြောင်း ရိပ်စားမိလာတာနဲ့အမျှ ၁၉၉၄ ခုနှစ်မှာ သူ့ရဲ့ Microsoft ရှယ်ယာအနည်းငယ်ကိုရောင်းချပြီး The William H. Gates Foundation ကို စတင်တည်ထောင်ခဲ့ပါတယ်။၂၀၀၀ ပြည့်နှစ်မှာတော့ Bill Gates ဟာ သူ့ဇနီးဖြစ်သူရဲ့ မိသားစုစီးပွားရေးလုပ်ငန်းတွေက အကျိုးအမြတ်တွေကိုပါ စုပေါင်းပြီးတော့ ကမ္ဘာပေါ်မှာအကြီးမားဆုံး ပရဟိတလုပ်ငန်းတစ်ခုဖြစ်တဲ့ Bill & Melinda Gates Foundation ကိုတည်ထောင်ခဲ့ပါတယ်။ Bill Gatesနဲ့သူ့ဖခင်ဟာ လူသားချင်းစာနာ ထောက်ထားမှုလမ်းစဉ်ရဲ့ စံပြတစ်ဦးဖြစ်တဲ့ John D.Rockefeller နဲ့ မကြာခဏတွေ့ဆုံကာ လေ့လာသင်ယူခဲ့ပြီး အများစုသော ပရဟိတလုပ်ငန်းတွေက မျက်ကွယ်ပြုထားတဲ့ ကမ္ဘာ့ပတ်ဝန်းကျင် အလုပ်တွေကို အရေးစိုက်ခဲ့ကြပါတယ်။ ဒီလိုလုပ်ရပ်တွေ လုပ်လာရင်းနဲ့ ၂၀၀၇ ခုနှစ်မှာတော့ Bill Gates နဲ့ ဇနီးဖြစ်သူ Melinda Gates တို့ဟာ $28 billions ကို ပရဟိတလုပ်ငန်းကို ပေးလှူခဲ့ပြီး America မှာ ဒုတိယအမြင့်မြတ်ဆုံး လူသားချင်းစာနာထောက်ထားမှုရှိသူအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ Bill Gates ရဲ့ Bill & Melinda Gates Foundation ဟာ Bill Gates ရဲ့ဦးဆောင်မှုနဲ့ များစွာသောပရဟိတလုပ်ငန်းတွေကို အားသွန်ခွန်စိုက်လုပ်ဆောင်ခဲ့ပါတယ်။
ဒီလိုမျိုးပရဟိတလုပ်ငန်းတွေအပြင် စီးပွားရေးနဲ့နည်းပညာပိုင်းမှာပါ ထူးချွန်အောင်မြင်တဲ့ Bill Gates ဟာ ကမ္ဘာကအသိအမှတ် ပြုတာတွေကိုလည်း များစွာခံခဲ့ရပါတယ်။ ၁၉၈၇ ခုနှစ်တုန်းက Forbes' 400 Rishest People in America Issue စာမျက်နှာများမှာ Bill Gates ဟာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သူရဲ့အသက် ၃၂ နှစ်ပြည့်မွေးနေ့မတိုင်ခင်မှာပဲ အသိအမှတ်ပြုခံခဲ့ရပါတယ်။ ဒီလိုအသိအမှတ်ပြုခံရတာကြောင့် Bill Gates ဟာ ကိုယ်ပိုင်အချင်းနဲ့ကမ္ဘာ့အချမ်းသာဆုံး လူငယ်တစ်ယောက်အဖြစ် အသက်အငယ်ဆုံးစာရင်းဝင်ဖြစ်ခဲ့ပါတယ်။ Time Magazine က ရွေးချယ်တဲ့ ၂၀ ရာစုအတွက် လွှမ်းမိုးမှုအရှိဆုံးလူ ၁၀၀ မှာ ပါဝင်ခဲ့တဲ့အပြင် ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆ ခုနှစ်များရဲ့ လွှမ်းမိုးမှုအရှိဆုံးမှာလည်း Bill Gates ပါဝင်ခဲ့ပါတယ်။ ဒီလိုမျိုးအသိအမှတ်ပြုခံရမှုတွေ၊ ဆုတွေကတော့ Bill Gates ဘ၀မှာ မရေမတွက်နိုင်အောင်ပါပဲ။ November ၂၀၀၆ ခုနှစ်မှာလည်း Bill Gates နဲ့ သူ့ဇနီးဖြစ်သူတို့ဟာ သူတို့ရဲ့ကမ္ဘာအနှံ့လူသားချင်း စာနာထောက်ထားမှုနဲ့ ပရဟိတလုပ်ငန်းစဉ်တွေကြောင့် The Order Of The Aztec Eagle ဆုကို ရရှိခဲ့ပါသေးတယ်။
        Bill Gates ဟာ America ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီးတော့ ကမ္ဘာ့အချမ်းသာဆုံး လူတစ်ယောက်အဖြစ်လည်း ၂၀၀၉ ခုနှစ်အထိ သတ်မှတ်ခြင်းခံခဲ့ရတာပါ။ ၂၀၁၀ ခုနှစ်မှာတော့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်နေရာမှာ နံပါတ် ၂ ဖြစ်ခဲ့ပါတယ်။ Bill Gates လို လူမျိုးဟာ အခုလိုနည်းပညာလောကအတွက် မရှိမဖြစ်လိုအပ်တဲ့လူတစ်ဦးဖြစ်သလို သူ့ရဲ့အောင်မြင်မှုတွေ၊ အတွေးအခေါ်တွေနဲ့ ကြွယ်ဝချမ်းသာမှုတွေကလည်း လူငယ်တွေအတွက် အားကျအတုယူဖို့ကောင်းပါတယ်။ တက္ကသိုလ်မှာပြီးဆုံးအောင် ပညာမသင်ယူခဲ့ပေမယ့် တစ်ကမ္ဘာလုံးကို ဖိန့်ဖိန့်တုန်အောင်လှုပ်ကိုင်နိုင်တဲ့ လူတစ်ယောက်ဖြစ်လာတဲ့အထိ စွမ်းဆောင်မှုနဲ့ကြိုးစားခဲ့တဲ့ Bill Gates  ရဲ့အကြောင်းဟာ သိသင့်သိထိုက်တဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။
 
 


No comments: