Benner

Sunday 13 May 2012

ကျနော်နဲ့ ကျနော့် အမေ



အမေများနေ့ကို ရည်ရွယ်ရင်းနဲ့ ကျနော့် အမေကို သတိရစွာဖြင့် ဒီစာကို ရေးလိုက်တာပါ။ ကျနော်တို့မိသားစု ဘဝက ဟိုး ငယ်ငယ်တုန်းက တော်တော်ကို ဆင်းရဲခဲ့တာဗျ။ အမေ့ရဲ့ ကြိုးစားမှု့ အမေ့ရဲ့ တွန်းအားပေးမှု့ကြောင့်သာ မဟုတ်ခဲ့ရင် ကျနော့်ဘဝ နဲ့ ကျနော်တို့ မိသားစု ဘဝဟာ အခုအခြေအနေကို ရောက်လာမှာ မဟုတ်ပါဘူး။ မြန်မာပြည်မှာ ရှိရှိသမျှ မိခင်တိုင်းဟာ ကျနော့် အမေလို စိတ်ထားမျိုး သားသမီးတိုင်းအပေါ်မှာ ချစ်ကြတာ မှန်ပေမဲ့ တွန်းအားပေးမှု့နဲ့ နည်းလမ်းပြမှု့မှာတော့ ကျနော့် စိတ် အထင်ဖြင့် ကျနော့်အမေဟာ ကျနော့်ဘဝကို တော်တော်လေးကို ပြောင်းလဲ စေခဲ့တဲ့ သူပါ။ လူတစ်ယောက်ရဲ့ ကြီးပွား တိုးတက် အောင်မြင်ဖို့အတွက် မိခင်တွေဟာ တော်တော်လေးကို အဓိက ကျပြီး တော်တော်လေးကို ရင်ဖြင့် ရင်းခဲ့ရမည်ကို တွေးကြည့်လျှင် သိနိုင်ပါတယ်။ အခြားမိခင်များကိုလည်း ကျနော့်အမေလို မျိုး စိတ်ဓာတ်ခွန်အား၊ တွန်းအားများ ပေးနိုင်ကြစေဖို့ ရည်ရွယ်ရင်းဖြင့်.....

ဟိုးးးးးးးးးး ငယ်ငယ်ကတည်းက ကျနော့်အမေဟာ..ကျနော် မဟုတ်တာ လုပ်ခဲ့ရင် လုံးဝ ခွင့်မလွတ်ခဲ့သူပါ။  အပြစ်တစ်ခုခု ကြောင့် ဖခင်ဖြစ်သူ ရိုက်နှက် ဆုံးမသည့်တိုင်အောင် နာကျင်စွာဖြင့် ပိုပြီး ဆုံးမစေဖို့ တွန်းအားပေးခဲ့သူပါ။ ကျနော့်ရဲ့ အမေဟာ ... အမေ့ဘဝရဲ့ ဖြစ်ချင်တာများနဲ့ ကျနော်တို့ဘဝများရဲ့ ဖြစ်နေသည်များကို အမြဲလိုလို ချိန်ဆပြီး ဝေဖန် အကြံပေးတတ်သူပါ။ ကျနော့်အနေဖြင့် စိတ်ကူးသည့် အကြံညဏ်များအားလုံးကို ဝေဖန်ပေးလေ့ရှိပြီး ဆိုးသည် ကောင်းသည်များကို အမြဲလိုလို အမှတ်ပေးလေ့ရှိပါတယ်။ မှန်ကန်စွာ လျှောက်လှမ်းသော လမ်းကြောင်းတစ်ခုအတွက် ကျနော့်အမေဟာ ဘာပဲ လုပ်လုပ် ဘယ်လောက်ပဲ ကုန်ပါစေ.. တွန်းအားပေးခဲ့ပါတယ်။ သားရေ.. အမေတစ်ယောက်လုံး ရှိတယ်.. ဘာမှ မပူနဲ့ ဆိုတဲ့ စကားဟာ ကျနော် လှမ်းလိုက်သော ခြေလှမ်းတိုင်းအတွက် ခွန်အားဖြစ်စေခဲ့တာပါ။ ယခုအချိန်အထိ ကျနော့်အစီအစဉ်ကို အမေ့ကို ပြောပြပါ။ သေချာတယ်။ လုပ်ချင်တဲ့ ဆန္ဒနဲ့ ဖြစ်နိုင်ခြေရှိက ကျနော့်အမေဟာ ယုံကြည်ခြင်းများစွာနဲ့ ကျနော့်ကို ဆက်လက် လုပ်စေခဲ့ပါတယ်။
အမေ့ရဲ့ အဲဒီစကားနဲ့ ကျနော် လျှောက်လှမ်းခဲ့တယ်။ ကျနော် ဖြစ်ပျက်သမျှ အကုန်လုံးနီးပါးကို အမေ့ကို ပြောပြခဲ့ပါတယ်။ အဲဒါကြောင့်လည်း ကျနော့်အမေက ရာနှုန်းပြည့်နီးပါး ကျနော့်ကို အကြံပေးနိုင်ခဲ့တာလည်း ဖြစ်ပါလိမ့်မယ်။ ကျနော် ယခု အသက် သုံးဆယ်ဝန်းကျင် ရှိပေမဲ့ အမေ့ဆီမှ သြဝါဒကို ကျနော် ခံယူရဆဲပါ။ အမေ့၏ အမြင်နဲ့ အမေ့ရဲ့ အတွေးအခေါ်တွေဟာ ယခုအထိ ကျနော့်အတွက် အသုံးဝင်ဆဲနဲ့ မှန်ကန်ဆဲပါ။ အမေ့ကြောင့် ကျနော် ဘုရားတရားကို ကောင်းကောင်း လုပ်ဖြစ်ခဲ့တယ်။ အမေ့ကြောင့် ကျနော် စာကြိုးစားခဲ့ရတယ်။ အမေ့ကြောင့် ကျနော် ဦးဇင်း ဝတ်ဖူးတယ်။ အရာရာ အားလုံးဟာ ကျနော့် အမေရဲ့ လမ်းညွှန်မှု့တွေ မလွတ်ခဲ့ပါဘူး။ ကျနော့်အမေရဲ့ တခြားအမေများနဲ့ ကွဲပြားချက်က သူမဟာ ဘယ်ကိုမှ များများ စားစား မရောက်ဖူးဘူး။ ဒါပေမဲ့ နိုင်ငံတော်တော်များများကို ရောက်ဖူးနေတဲ့ ကျနော့်ကို လမ်းညွှန်နိုင်တယ်။ လူတွေ အကြောင်းကို ကောင်းကောင်းသိတယ်လို့ ပြောရမယ်။ ကျနော့်အနေဖြင့် အမေ့ဆီမှ လေ့လာစရာတွေ၊ သင်ယူစရာတွေ အများကြီး ရှိနေပါသေးတယ်။
ယခု ကျနော်ဟာ အမေနဲ့ အဝေးဆုံး အရပ်ကို ရောက်နေတယ်။ အမေ့ကို သတိရတယ်။ အမေ့ကို လွမ်းပါတယ်။ အမေ့ကို မကြာမကြာ ဖုန်းဆက်ဖြစ်ဖို့ ကျနော့်ကိုယ် ကျနော် သတိပေးနေရပါတယ်။ ဖုန်းဆက်ဖြစ်တိုင်း အမေရဲ့ အမြင်နဲ့ အမေ့ရဲ့ စကားကို ကျနော် လက်ခံပြီး ကျင့်သုံးရဆဲပါ။ အားလုံးကို ကျနော့်အနေဖြင့်ပြောချင်တာက ခင်ဗျားတို့ရဲ့ အမေတွေဟာ ကျနော့်အမေနဲ့ တထပ် တည်းကျချင်မှ ကျမယ်။ သို့သော်... သူတို့အားလုံးက ကျနော်တို့အား အချိန်တိုင်းလို မေတ္တာ မပျက်စွာဖြင့် ဘယ်နေရာရောက် ရောက် ချစ်နေကြမယ်ဆိုတာတော့ အမှန်ပါ။ ဒါကြောင့် အမေနဲ့ မိသားစုထံကို ငွေပို့နိုင်သည်၊ မပို့နိုင်သည်က အရေးမကြီးပါ... သင်သည် ကျန်းမာရေးကောင်းကြောင်း(နေမကောင်းသည့်တိုင်)၊ အရာအားလုံး အဆင်ပြေသည့် အကြောင်း (ပြဿနာများ ရင်ဆိုင် နေရသည့်တိုင်အောင်) စာရေး၊ ဖုန်းဆက်စေလိုပါတယ်။ မည်သည့် မိန်းမက မည်သို့ပင် ချစ်စေကာမူ.. အမေ မုန်းသလောက်ပါပဲ ဟု တွေးမြင်ကြည့်ပါက.....

No comments: