Benner

Sunday 22 April 2012

ဖေ့စဘုတ်မှာ ရေးထားသည်များ


တခါတုန်းကပေါ့…။ ရတနာသိုက်ရှိတယ်လို့ နာမည်ကြီးနေတဲ့ဒေသတစ်ခုရှိတယ်။ အဲဒီသေဒမှာရတနာတွေကိုလိုက်ပြီးရှာကြတဲ့ရတနာမုဆိုးတွေလည်းရှိတယ်။ တစ်ရက်မှာမိုးကြီးလေကြီးကျပါလေရော။ မိုးတွေကလည်းသဲသဲမည်းမည်းရွာတယ်။ ချောင်းရေတွေဒလဟောစီးလို့ မြေတွေပြိုတယ်။ သစ်ပင်တွေလဲတယ်။ အဲ့ဒီအခါမှာတောစပ်တစ်ခုရဲ့ ချောင်းနံဘေးမှာရေတွင်းဟောင်းကြီးတစ်ခုပေါ်လာတယ်။ အဲ့ဒီတွင်းရဲ့ နှုတ်ခမ်းဝမှာလူတွေဝိုင်းအုံပြီးတွင်းထဲကိုစိုက်ပြီးကြည့်နေကြတယ်။
“ဟာ… တွင်းထဲမှာလက်လက်လက်လက်နဲ့ ရွှေတွေဖြစ်မယ်ကွ။”
“မဟုတ်ဘူး။ ပတ္တမြားခဲတွေနေမှာပါ။”
“ငါကတော့စိန်ရောင်တွေတောက်နေတယ်ထင်တာပဲ။”
“မဟုတ်ဘူးကွ။ ရှေးဟောင်းရတနာသိုက်တွေ့ ပြီကွ။”

တွင်းနှုတ်ခမ်းဝမှာဝိုင်းအုံပြီးကြည့်နေကြတဲ့လူတွေအားလုံးဟာတစ်ယောက်တစ်ပေါက်ပြောနေကြတယ်။ အားလုံးဟာလည်း “လောဘ” မျက်လုံးတွေကိုယ်စီနဲ့ပေါ့။
အဲဒီအချိန်မှာလူတစ်ယောက်ကပြောပြောဆိုဆိုတွင်းထဲကိုခုန်းဆင်းမယ်လုပ်တယ်။
“ဟိတ်ကောင်.. မင်းမဆင်းနဲ့ ၊ ငါအရင်ဆင်းမယ်။ ငါအရင်ရောက်တာကွ။”
“ဘယ်ရမလဲ၊ ဒီလိုဆိုရင်ငါအရင်ဆင်းရမှာကွ။”
“ဒီတွင်းပေါက်ဝကိုမင်းထက်ငါအရင်ရောက်တာလေ။”
ဘာမပြော၊ ညာမပြောနဲ့ လူတစ်ယောက်ဟာတွင်းထဲကို “ဝုန်းခနဲ” ခုန်ဆင်းလိုက်ပါတော့တယ်။
တွင်းအောက်ခြေကိုလည်းရောက်ရော… လင်းလက်နေတဲ့အရာတွေဟာရွှေတွေလည်းမဟုတ်ဘူး။ ပတ္တမြားတွေလည်းမဟုတ်ဘူး။ စိန်တွေလည်းမဟုတ်ဘူး။ မိုးရွာလို့ မြေပြိုပြီးတွင်းထဲမှာရှိတဲ့မြွေပွေးတွေ၊ မြွေဟောက်တွေ၊ အကောင်တွေပေါက်နေကြတာ။ “မြွေပွေး၊ မြွေဟောက်” အကောင်ပေါက်တွေရဲ့ “မျက်လုံး” တွေအရောင်တောက်နေတာသာဖြစ်တယ်။ တွင်းထဲကိုရောက်နေတဲ့သူကတွင်းအပေါ်ကိုအော်ပြီးပြောလိုက်တယ်။
“ဟိတ်ကောင်တွေ... ဆင်းမလာကြနဲ့။ ရွှေတွေ၊ စိန်တွေမဟုတ်ဘူးကွ။ “မြွေပွေး” တွေရဲ့မျက်လုံးတွေ။ “မြွေဟောက်” တွေရဲ့ မျက်လုံးတွေ။ သူတို့မျက်လုံးတွေရဲ့ အရောင်တွေကိုငါတို့ က “စိန်” တွေထင်နေတာ။ ရွှေတွေထင်နေတာ။ ပတ္တမြားတွေထင်နေတာ။ ငါတို့ ထင်သလိုမဟုတ်ဘူးကွ။ တွင်းထဲကိုဆင်းမလာကြနဲ့ ။ ငါကိုတော့မြွေကိုက်ကုန်ပြီ။ မင်းတို့ ဆင်းမလာကြနဲ့ ။”
တွင်းနှုတ်ခမ်းဝကလူတွေကမယုံကြဘူး။ ဒီကောင်တစ်ယောက်တည်းလိုချင်လို့ လိမ်ပြောတာပဲဖြစ်မယ်။ နောက်တစ်ယောက်ထပ်ခုန်ချလိုက်တယ်။
“ဟုတ်တယ်ဟေ့၊ ဆင်းမလာကြနဲ့ ။ စိန်တွေမဟုတ်ဘူး။ ရတနာတွေလည်းမဟုတ်ဘူး။ သူပြောတာမှန်တယ်ကွ။ ဒီကောင်သေနေပြီ။ ငါ့ကိုလည်းမြွေတွေကဝိုင်းပြီးပေါက်ကုန်ပြီ။ “မြွေ” တွေရဲ့ မျက်လုံးတွေကွ။ သူတို့ ရဲ့ မျက်လုံးတွေကိုငါတို့ ကရတနာတွေလို့ ထင်နေတာ။ မင်းတို့ တွင်းထဲကိုဆင်းမလာကြနဲ့ ။ အားလုံးသေကုန်ကြလိမ့်မယ်။”
တွင်းနှုတ်ခမ်းဝကလူတွေအားလုံးဟာတွင်းထဲကလူတွေပြောတဲ့စကားကိုမယုံကြဘူး။ ဒီနှစ်ကောင်အပိုင်စီးချင်လို့ “လီဆယ်” ပြီးတော့ပြောတယ်လို့ ပဲထင်နေကြတယ်
ဒီလိုနဲ့ …
တစ်ယောက်ပြီးတစ်ယောက်ခုန်ဆင်းလိုက်ကြတာတွင်းနှုတ်ခမ်းဝကလူတွေအကုန်လုံးတွင်းထဲမှာသေကုန်ကြတော့တယ်။
*******
လူကြီးဆိုတာ…
မြွေတွေရဲ့ အရောင်တောက်နေတဲ့မျက်လုံးတွေကို “စိန်” တွေမှတ်ပြီး၊ ရတနာတွေမှတ်ပြီး၊ တွင်းအနက်ထဲကိုခုန်ဆင်းခဲ့ဖူးတဲ့သူတွေ။
သူတို့ ကမြွေအကိုက်ခံရပြီးမှတွင်းနက်ထဲကနေအော်ပြောတဲ့စကားဖြစ်တယ်။
ဒါကြောင့် ခုန်မဆင်းနဲ့လို့ ပြောတာ။
လူငယ်တွေကမယုံကြည်ဘူး။
ဒီတော့ခုန်ဆင်းကြဦးမယ်ပေါ့။
*******
လူငယ်၊ လူလတ်၊ လူကြီးကိုဘယ်လိုအဓိပ္ပာယ်သတ်မှတ်သင့်သလဲ။
ကျွန်တော်ကတော့ဒီလိုအဓိပ္ပာယ်ဖွင့်ချင်တယ်ဗျာ။
မသိလို့ လုပ်လိုက်မိတဲ့အမှား၊ မှန်တယ်ထင်လို့ လုပ်လိုက်မိတဲ့အမှား၊ အမှားတွေကိုအမှန်ဖြစ်အောင်ကြိုးစားရင်းထပ်ပြီးမှားသွားမိတဲ့အမှား၊ မှားမှန်းသိရက်နဲ့ မထူးပါဘူးဆိုပြီးဇွတ်တိုးပြီးမှားမိတဲ့အမှား။ အဲဒီအမှားတွေကိုရင်မှာပိုက်ပြီး
အမှားများစွာဖြင့်နောင်တတရားများနဲ့ ရှင်သန်နေထိုင်သူကိုလူကြီးဟုခေါ်သည်။
အမှားကိုအမှားမှန်းမသိပဲအမှားကိုအမှန်ထင်ပြီးအဲ့ဒီအမှားတွေနဲ့ ပျော်ရွှင်ကျေနပ်နေသူများကိုလူလတ်ဟုခေါ်သည်။
အမှားများကိုမှားရန်အတွက်ကြိုးစားပမ်းစားလိုက်လံရှာဖွေနေသူများအားလူငယ်ဟုခေါ်သည်။
ဒီတော့…
နောင်တနဲ့ ရင်းပြီး၊ အမှားနဲ့ ရင်းပြီးရထားတဲ့ဘဝသင်ခန်းစာတွေကိုလူငယ်တွေအတွက်မမှားဖို့ လိုက်နာဖို့ ၊ ရှောင်ကြဉ်ဖို့ ၊ သတိပြုဖို့ ၊ ပြောကြားတာကိုလူငယ်တွေနားလည်သင့်တယ်။
တကယ်တော့…
အရောင်တောက်ပနေတဲ့မြွေတွေရဲ့ မျက်လုံးတွေကိုစိန်ရွှေအမှတ်နဲ့ အရယူဖို့ကြိုးစားရင်း၊ ဆုံးရှုံးမှုတွေ၊ နောင်တတွေ၊ မျက်ရည်တွေ၊ ဆင်းရဲခြင်းတွေ၊ ခံစားချက်တွေနဲ့ ရင်းလို့ သိလာခဲ့ရတဲ့လူကြီးတွေရဲ့ ဆုံးမစကားကိုလူငယ်လေးတွေနားလည်စေချင်လို့ ဒီပုံပြင်လေးနဲ့ ပြောပြလိုက်ပါတယ်။
မယုံရင်တွင်းထဲကိုခုန်ဆင်းလိုက်။
ဖေ့စဘုတ်မှ ရေးထားသည်များကို ပြန်လည် မျှဝေပါသည်။

သစ်ယာအိုက်

No comments: