ဘ၀မှာ တခါတလေ သီချင်းလေးတစ်ပုဒ်၊ စာလေးတစ်ကြောင်း ဖတ်မိလို့ စိတ်ထဲမှာ အပြောင်းအလဲ ဖြစ်သွားတတ်တာတွေရှိပါတယ်။ စိတ်အတွေး အမြင်လေးတွေ ပြောင်းသွားတာ၊ အသိဉာဏ်ထဲမှာ ရုတ်တရတ်လင်းသွားတာမျိုးပေါ့။ ကျွန်တော်လဲ ဒီလိုပါပဲ။ စာအုပ်လေးတစ်အုပ်ထဲက ဒီမုန်လာဥ၊ ကြက်ဥ၊ လ္ဘက်ခြောက် ဆိုတာလေး ဖတ်မိပြီး ကိုယ့်ကိုကိုယ်ပြန်မြင်လာမိပါတယ်။ သူ့စာလေးက ဒီလိုဆိုထားပါတယ်။
လူတစ်ယောက်က သူလုပ်သမျှ ဘာမှ အဆင်မပြေလို့ ဘ၀ကိုစိတ်ပျက်ပြီး သူ့ဖခင်ရှေ့မှာလာပြီးငိုကြွေးပါတယ်။ သူ့ဖခင်က သူ့ကိုဘာမှမပြောဘဲ မီးဖိုချောင်ထဲ ခေါ်သွားတယ်တဲ့။ ပြီးတော့မှ ရေနွေးပွက်ပွက်ဆူနေတဲ့ အိုးထဲကို မုန်လာဥရယ်၊ ကြက်ဥတစ်လုံးရယ်၊ လ္ဘက်ခြောက်ရယ် ထည့်လိုက်တယ်။ ခဏနေတော့မှ အိုးထဲက ဒီသုံးခုကို ဆယ်ယူလိုက်တယ်။ ပြီးတော့ သူက ဘာပြောသလဲဆိုတော့ မုန်လာဥက သူ့ကိုကြည့်လိုက်ရင်
မာကျောပေမယ့် လောကဓံဆိုတဲ့ ရေနွေးပူနဲ့ တွေ့တဲ့အခါ ပျော့စိသွားတယ်တဲ့။ သင်ကဒီလိုလူမျိုးလားတဲ့။ ကြက်ဥကတော့ သူက အစကတော့ အက်ကွဲလွယ်၊ ထိရှလွယ်ပေမယ့် လောကဓံနဲ့တွေ့တဲ့အခါ မာကျောလာတယ်တဲ့။ သင်ကဒီလိုလူမျိုးထဲမှာရော ပါလားတဲ့။ တတိယ လ္ဘက်ခြောက်ကတော့ သူကိုကြည့်လိုက်ရင် ဘာမှ မဟုတ်သလိုနဲ့ ရေနွေးပူကိုတောင် အရောင်ပြောင်းပစ်နိုင်တယ်တဲ့။ သဘောကတော့ လူပုံကဘာမှ မဟုတ်သလိုနဲ့ လောကဓံကိုတောင် တမျိုးပြောင်းလဲသွားစေနိုင်တယ်လို့ ဆိုလိုတာပါ။ သင်က ဒီအုပ်စုထဲက လူမျိုးလားတဲ့။ ကိုယ့်ကိုကိုယ်ပြန်မေးပြီး ဘယ်လိုလူမျိုးဖြစ်သင့်သလဲဆိုတာ စဉ်းစားကြည့်ပါတဲ့။ ဒီစာလေးကို ဖတ်ပြီး ကိုယ့်ကဘာပါလိမ့်လို့ စဉ်းစားလိုက်တဲ့အခါ လ္ဘက်ခြောက်မဟုတ်တာတော့ သေချာတယ်ဗျ။ မုန်လာဥ မဖြစ်ချင်တာလဲ သေချာနေတော့ ဘာပဲဖြစ်ဖြစ် ကြက်ဥအဆင့်လောက်တော့ ဖြစ်အောင်နေမယ်လို့ ဆုံးဖြတ်မိပါတယ်။
ကျွန်တော် တခါတလေကျရင် လုပ်ငန်းခွင်ထဲမှာ စိတ်ပျက်၊ စိတ်ညစ်ရတာတွေ အများကြီးကြုံရတယ်။ အဓိက က တော့ ဘာမှ မသိတဲ့ Team Leader ရဲ့ ဦးဆောင်မှုနဲ့ အလုပ်လုပ်ရလို့ပါ။ သူက ဘာမှ မသိတော့၊ သူ့အလုပ်တွေရော၊ ကျွန်တော့အတွက် လုပ်ရမယ့်အလုပ်တွေရော အမြဲတမ်းလုပ်ပေးလာရတာ ခြောက်လလောက်ကျတော့ လူက ပေါက်ကွဲလာရော။ ဒီကောင်ကဘာလဲ၊ လူပါးဝတာလားဆိုပြီး နေလို့ထိုင်လို့မကောင်းဘူး။ ရုံးကိုမသွားချင်ဘူး ဆိုပါတော့ဗျာ။ အဲဒီအချိန်မှာ စာလေးတစ်ပုဒ်ဖတ်မိပါတယ်။ သူကဒီလိုဆိုထားတယ်ဗျ။
လက်သမားဆရာကြီးတစ်ယောက်က အသက်ကြီးလာလို့ သူ့အလုပ်ရှင်ဆီမှာ အလုပ်နားခွင့်တောင်းတယ်တဲ့။ အလုပ်ရှင်ကလဲ နောက်ဆုံးအနေနဲ့ အိမ်တစ်လုံးတော့ ဆောက်လုပ်ပေးပါဦးဆိုပြီး တောင်းဆိုသတဲ့။ ဒီတော့ လက်သမားဆရာကြီးက တသက်လုံး သူ့အတွက် အလုပ်လုပ်ပေးခဲ့တာတောင် ခိုင်းနေတုန်းပဲလို့တွေးပြီး စိတ်တိုသွားတယ်တဲ့။ ဒါနဲ့ပဲ သူက နောက်ဆုံးဆောက်လုပ်ပေးရတဲ့ အိမ်ကို ဖြစ်သလို၊ တော်သလို၊ မြန်မြန်ပြီး ပြီးရော ဆောက်လုပ်ပေးလိုက်ရောတဲ့။ အိမ်ပြီးသွားတော့ သူ့သူဋ္ဌေးဆီမှာ သော့အပ်တဲ့ အခါ သူဋ္ဌေးက သူ့ဆီမှာ နှစ်အကြာကြီး အလုပ်လုပ်ပေး ခဲ့တဲ့ အတွက် အိမ်သော့ကို သူ့ပြန်ပေးပြီး ဒီအိမ်က ခင်ဗျားအတွက်ပါလို့ ပြောသတဲ့။
ဒီစာတိုလေးက ဘာပြောသလဲဆိုတော့ လူတွေဟာ သူတို့လုပ်နေရတဲ့ နိစ္စဓူဝ လုပ်ငန်းဆောင်တာတွေအားလုံးကို သူများအတွက် အလုပ်လုပ် နေရတယ်လို့ မတွေးပဲ ကိုယ့်အတွက် အိမ်ကလေးတစ်လုံး ဆောက်လုပ်နေတယ်ဆိုတဲ့ စိတ်နဲ့ လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။ ကျွန်တော့် လုပ်ငန်းခွင်မှာ သူများအလုပ်တွေပါ လုပ်ပေးနေရပါလားလို့ တွေးမယ့်အစား ငါဟာ တကယ်တမ်းလိုအပ်လာရင် တာဝန်နှစ်ခုကို တပြိုက်နက် ယူနိုင်ပါလား၊ ဒါတွေဟာ နောင်တစ်ချိန် ဒီထက်ကြီးမားတဲ့ လုပ်ငန်းခွင်ရောက် တဲ့ အခါ အလေ့အကျင့် ရပြီးသားဖြစ်ရပါလား။ အားလုံးဟာ ကိုယ့်အတွက် ကြီးပါပဲလားလို့ တွေးရမယ်လို့ ဆိုပါတယ်။ ကိုယ့်ရဲ့ တစ်နေ့တာကို ပြန်စဉ်းစားကြည့်လိုက်ရင် ကိုယ်နေဘို့ အိမ်ကလေးတစ်လုံး ဆောက်လုပ်နေသလို စဉ်းစားရမယ်တဲ့။ ဒါနဲပဲ ကျွန်တော် တစ်ယောက် လုပ်ငန်းခွင်မှာ ပေါ့ပေါ့ပါးပါး ဖြစ်ရပြန်တယ်ပေါ့ဗျာ။ စာရေးဆရာမ တစ်ယောက်ပြောသလို
"ခါးသီးလှတဲ့ အရည်တစ်ခွက်ကို နှုတ်ခမ်းမှာ အတင်းအကျပ် ဖိကပ်သောက်ခိုင်း ခံရတိုင်း၊ ထိုခါးသီးခြင်းသည် ကံကြမ္မာလည်းမဟုတ်၊ လိုအပ်ချက်လည်းမဟုတ်၊ အဆုံးတစ်နေ့မှာ ကောင်းမွန်မြင့်မြတ်ခြင်း အတွက် သည်ခါးသီးခြင်းတွေကို အလေ့အကျင့်ဖြစ်အောင် ကြိုးစားသောက်သုံးနေတတ်ဖို့ပဲ"
ဆိုတာမျိုးပေါ့ဗျာ။ ။
REF; ရေးမိရေးရာလေးများ
No comments:
Post a Comment