Benner

Sunday 4 September 2011

ပေါက်ကရ ကဗျာ


သံသယပေါင်းများရွာနဲ့ သူ့ကိုယုံကြည်ခဲ့မိပြီး 
ဘဝကိုပုံအပ်ခဲ့မိအောင်အထိ ဆက်ကခိုင်းခဲ့တဲ့ 
ဇာတ်ဆရာ ကိုလည်း မကျေနပ်ဘူး။ ဒါဟာ 
ဂျီးဇက်ရဲ့ အလိုတော်ကျပဲ လား!!! ဒါမှမဟုတ် 
ကုမရတဲ့ ရောဂါကြောင့်ပဲလား။
အင်းလူဆိုတာကလည်း ခွေခေါက်ပြီး 
အိပ်တတ်တာပဲလေ။ နားလည်မှု့တွေ
ပေးထားပါတယ် ဆိုကာမှ ဈေးကြီးလွန်းတဲ့
ရေမွေးက အနံ့တောင် မထွက်တော့ဘူး။
ပေးဆပ်မှု့တွေပဲ များသွားလို့ ရှောင်ဖယ်
ရှောင်ဖယ် လုပ်တာလား!!! တကယ်တော့ 
အဲဒီလိုလဲ ဟုတ်မယ်မထင်ပါဘူး ရေဆာရင် 
အရက်သောက်တဲ့ လူဆိုတော့ ပြောရတော့ 
အခက်သား။
ငါတို့နှစ်ယောက်ရဲ့ကြားမှာ ဝေးကွာခဲ့ရတဲ့ 
နာဂစ်ကို ဘယ်သူက ဖန်ဆင်းခဲ့တာလဲ။
ငွေဆိုတဲ့အရာက တကယ် ဆိုရင် လောကမှာ
မကောင်းဆိုးရွားပါပဲ။ သူက ဥပဒေဘာသာ ရပ်နဲ့
ကျောင်းပြီးတာ မဟုတ်ပေမဲ့ ခိုင်လုံတဲ့ 
လက်တလုံးခြားတွေ သူ့မှာ အမြဲရှိတယ်။
ခုနောက်ပိုင်းမှာ တယ်လီဖုန်းကို တီထွင်ခဲ့တဲ့လူကိုတောင် 
မုန်းချင်လာပြီ။  တခါတခါမှာ ဆေးသောက်မှားလို့
ဖျားရသေးတယ်။ အခုအထိ ရှင်းရှင်းလင်းလင်း 
မရှိသေးတာဟာ အင်တာနက်ကြောင့်ပဲ။
ကိုယ့်မျက်ချေးကို မမြင်ပဲနဲ့  သူများကိုတော့ ရစရာ 
မရှိ အောင် အပြစ်မပြောသင့်ဘူးပေါ့။ စည်းဝိုင်းထဲကနေပြီး 
ယုတ်မာတဲ့လူကို တွေ့ဖူးပါသလား!!! အများအားဖြင့်တော့
ဖြူစင်သလိုရှိကြပါတယ်။ ဒါပေမဲ့ မျက်နှာဖုန်းကို 
လှန်မကြည့်တော့ အထဲက အစာအိမ်ကို ဘယ်တွေ့မလဲ။
အားလုံးကိုပေါင်းစပ်လိုက်ရင် ဘယ်သူမှ မမှားကြပါဘူး။
တောင့်တမိတဲ့စိတ်၊ တွေဝေတဲ့စိတ်တွေနဲ့ 
မပြတ်သားတာတွေက ငါ့ကိုမှားအောင် လုပ်နေတာပါ။ 
တကယ်လမ်းဆုံးတော့ မီးကငြိမ်းသွားပြီ။ ခံလိုက်ဦးကွာ 
အမှားအတွက်…တော်သေးတာပေါ့ ကြယ်တွေက အိပ်နေလို့။

No comments: