Rafe Esquith က အမေရိကန်နိုင်ငံမှာ သြဇာလွှမ်းမိုးမှုအရှိဆုံး၊ စိတ်ဝင်စားစရာအကောင်းဆုံး ကျောင်းဆရာတစ်ဦးဖြစ်တယ်။ လူအများရဲ့"လူဆိုး"လို့ တင်စားခံထားရတဲ့ ကလေးငယ်တွေကို လေ့လာသင်ယူလိုစိတ်ရှိသူ၊ လိမ္မာယဉ်ကျေးသူဖြစ်အောင် မွေးထုတ်ပေးနိုင်တဲ့ဆရာတစ်ဦးဖြစ်တယ်။ ပညာရေးနဲ့ပတ်သက်တဲ့ ဆုကို အကြိမ်ကြိမ်ရရှိခဲ့သလို အင်္ဂလန်ဘုရင်မကချီးမြှင့်တဲ့ Member of the Order of the British Empireဆုကိုလည်း ရရှိခဲ့သူဖြစ်တယ်။ အမေရိကန်တစ်နိုင်ငံလုံးရဲ့ အကောင်းဆုံးကျောင်းဆရာဆုကိုလည်း ရခဲ့သူဖြစ်တယ်။
အခုအချိန်မှာ Rafe Esquithဟာ Hobart Boulevard Elementary School in Los Angeles ကျောင်းမှာ ငါးတန်းကလေးတွေကို ပညာသင်ကြားပေးနေသူဖြစ်ပါတယ်။
၂ဝ၁၂ခုနှစ် မတ်လ၆ရက်နဲ့ ၇ရက်နေ့မှာ Rafe Esquithဟာ တရုတ်နိုင်ငံ ပေကျင်းတက္ကသိုလ်မှာ ဟောပြောပွဲတစ်ခုပြုလုပ်ခဲ့တယ်။ အဲဒီဟောပြောပွဲမှာ သူ့ရဲ့စာသင်ခန်းနံပါတ် "၅၆"ရဲ့ အဖြစ်အပျက်တွေကို အမြို့မြို့အနယ်နယ်က တက်ရောက်လာကြတဲ့ ကျောင်းအုပ်ဆရာ၊ ကျောင်းဆရာအယောက် ၂ဝဝဝကျော်ကို မျှဝေခဲ့ပါတယ်။
အောက်ကအချက်တွေက ကျောင်းသားနဲ့ဆရာတို့ကြားဆက်ဆံရေးကို တရုတ်ဆရာကမေးပြီး Rafe က ပြန်ဖြေထားတဲ့ အမေးအဖြေကဏ္ဍဖြစ်ပါတယ်။ ဘာသာပြန် မျှဝေလိုက်ပါတယ်။
(၁) တရုတ်နိုင်ငံမှာ ပညာရေးပညာရှင်တော်တော်များများက ဆရာတွေကို "သွန်သင်ဆုံးမလို့မရတဲ့ ကျောင်းသားဆိုတာ မရှိဘူး။ အသင်အပြမကောင်းတဲ့ဆရာပဲ ရှိတယ်"လို့ သတိပေးပါတယ်။ ဒါဟာ တရုတ်ဆရာတွေကို စိတ်ဖိစီးမှုတော်တော်ဖြစ်စေခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျားအမြင်ကိုပြောပါဦး။
Rafeး တချို့ကျောင်းသားတွေက တကယ်ကိုသွန်သင်ဆုံးမလို့ မရတာပါ။ ကျောင်းသားတိုင်း အောင်မြင်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒါပေမယ့် ကျွန်တော်ရဲ့အလုပ်က အဲဒီကျောင်းသားကို အောင်မြင်နိုင်တဲ့အခွင့်အရေးတစ်ခု ပေးတာပါပဲ။ ဆရာတစ်ယောက်ရဲ့အလုပ်က ကျောင်းသားကို တံခါးတစ်ချပ်ဖွင့်ပေးတာပါ။ အဲဒီတံခါးပေါက်ထဲ ကျောင်းသားကိုယ်တိုင် လျှောက်လှမ်းဝင်ရောက်ရပါတယ်။ အဲဒီတံခါးပေါက်ထဲ သူတို့ကို ကျွန်တော်အတင်းတွန်းမသွင်းပါဘူး။ သူတို့ကို အတင်းဆွဲသွင်း၊ တွန်းသွင်းတာမျိုး မဟုတ်ဘူး... သူတို့ကိုယ်တိုင် လျှောက်ဝင်တာမျိုးဖြစ်ရပါတယ်။
(၂) အမေရိကန်ပညာရေးက မူကြိုကနေ အထက်တန်းအထိ ကြီးမားတဲ့ပြဿနာတွေရှိနေတယ်၊ အရည်အချင်းမပြည့်တဲ့ဆရာတချို့ ကျောင်းဆရာအဖြစ်နဲ့ ရပ်တည်နေသေးတယ်လို့ တစ်ချိန်က ခင်ဗျားပြောခဲ့ဖူးတယ်။ ထက်မြက်ထူးချွန်တဲ့ဆရာတစ်ဦးမှာ ဘယ်လိုအရည်အချင်းတွေက အရေးအကြီးဆုံးလို့ ခင်ဗျားထင်သလဲ။
Rafeး ကောင်းမွန်တဲ့ကျောင်းသားတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ ဆရာကိုယ်တိုင်ကလည်း ကောင်းမွန်အောင်နေထိုင်ရပါတယ်။ စိတ်တိုဒေါသထွက်ချိန်မှာလည်း ခင်မင်ရင်းနှီးပုံပြရပါတယ်။ ကျွန်တော်က အလုပ်ကြိုးစားသူတစ်ယောက်ပါ။ ဘာသင်ရမယ်ဆိုပြီး တရားသေသင်တာထက် ကိုယ့်အမှားထဲကနေ၊ ကိုယ့်အတွေ့အကြုံထဲကနေ ပိုကောင်းအောင် ဘယ်လိုသင်ယူမယ်ဆိုတာကို ကျွန်တော်လုပ်ပါတယ်။ ကျောင်းသားတွေက ဆရာရဲ့အပြုအမူ၊ အပြောအဆိုတွေကို သတိထားတတ်ပါတယ်။ ဒါကြောင့် မထက်မြက်တဲ့ဆရာက ကျောင်းသားတွေကိုရော၊ တခြားကျောင်းဆရာတွေကိုပါ မကောင်းတဲ့အကျိုး သက်ရောက်စေပါတယ်။ ဆရာဆိုတာ ကျောင်းသားရဲ့စံပြပဲဖြစ်နေရပါမယ်။
(၃) တစ်နှစ်တာအချိန်တိုတိုအတွင်းမှာ ခင်ဗျားသင်ခန်းစာတော်တော်များများ ဖွင့်ခဲ့တယ်။ ရှိတ်စပီးယားပြဇာတ်၊ ဘေ့စ်ဘော၊ ရုပ်ရှင်သင်ခန်းစာ၊ စီးပွားရေးသင်ခန်းစာ... ပြီးတော့ ကျောင်းသားတွေနဲ့ ခင်ဗျားလေ့လာရေးခရီး ထွက်သေးတယ်။ ဒါတောင် ခင်ဗျားရဲ့ကျောင်းသားတွေက စာမေးပွဲအမှတ်စာရင်းတွေ အရမ်းကောင်းကြတယ်။ ဒါကို ကျွန်တော်အရမ်းအံ့သြမိတယ်။ ဒီလိုဖြစ်အောင် ခင်ဗျားဘယ်လိုလုပ်နိုင်ခဲ့တာလဲ။ ကျောင်းသားတွေအမှတ်စာရင်းကောင်းဖို့ ကျွန်တော်အချိန်အများကြီးသုံးရတယ်။ ခင်ဗျားနဲ့ ကျွန်တော်ရဲ့ကွာဟာချက်က ဘာဖြစ်လို့ ဒီလောက်ကွားခြားနေသလဲ။
Rafeး ကျွန်တော့်ကျောင်းသားတွေ စာအရမ်းဖတ်ကြတယ်။ စာမေးပွဲဖြေဖို့အတွက် သူတို့စာဖတ်တာကြမဟုတ်ဘူး။ ကျွန်တော်ကျောင်းသားတွေ သချာင်္ဘာသာကို ကောင်းကောင်းနားလည်ကြတယ်။ စာမေးပွဲမေးခွန်းလွှာတွေက သူတို့နဂိုသိတာထက် ပိုလွယ်နေတယ်လို့ သူတို့ထင်ကြတယ်။ သူတို့ အမှတ်ကောင်းရတာက သူတို့ဟာ စိတ်ပေါ့ပါးမှုရှိလို့ပါ။ သူတို့ ဘယ်လောက်ထိ နားလည်တတ်ကျွမ်းပြီလည်းဆိုတာကို ကျွန်တော်စစ်မေးတတ်ပါတယ်။ ဒါပေမယ့် သူတို့ကို ကောင်းကောင်းမဖြေရင် ဘာရလဒ်ရမလဲ... အဲဒီရတဲ့ရလဒ်က မပြောင်းဘူးဆိုတာကို ကျွန်တော်ပြောပြတတ်တယ်။ မပြောင်းဘူးဆိုတဲ့ရလဒ်က စာမေးပွဲမဖြေနိုင်လည်း သူတို့ငရဲရောက်သွားမှာမဟုတ်ဘူး။ စာမေးပွဲမဖြေနိုင်လည်း သူတို့မေမေက သူတို့ကိုချစ်မြဲချစ်မှာပဲ၊ သူတို့ကို ကျွန်တော်ချစ်မြဲချစ်မှာပဲ။
စာမေးပွဲအမှတ်စာရင်း ကောင်းရမယ် မကောင်းရဘူးဆိုတာထက် ကျွန်တော်မျှော်လင့်တာက ဒီတစ်နှစ်အတွင်းမှာ ကျောင်းသားတွေ ဘာဘဝကျွမ်းကျင်မှုကို ရသွားသလဲဆိုတာကိုပါ။ ကျောင်းသားတွေက
စာမေးပွဲဖြေဖို့ သင်ယူလေ့လာနေတာမဟုတ်ပါဘူး။ သူတို့က ဘဝအတွက် အကျိုးအမြတ်ရှိတဲ့ အသိပညာ၊ ဗဟုသုတကို ရှာဖွေသင်ယူနေတာဖြစ်ပါတယ်။ သူတို့ကို စိတ်လက်ပေါ့ပါးစေလေ သူတို့ရဲ့ရမှတ်က ကောင်းလေပဲဖြစ်ပါတယ်။
(၄) လောကမှာ "ကျောင်းသားကောင်း"နဲ့ "ကျောင်းသားဆိုး"ဆိုတဲ့ ကျောင်းသားနှစ်မျိုးတည်ရှိနေပါတယ်။ "ကျောင်းသားဆိုး"အပေါ် ကျွန်တော်ဘာမှမတတ်နိုင်
အမြဲဖြစ်ခဲ့ရတယ်။ ဘာနည်းနဲ့ဖြစ်ဖြစ် သွန်သင်ဆုံးမလည်း သူတို့က ကျွန်တော့်ကို မျှော်လင့်ချက်မဲ့စေခဲ့တယ်။ ဒီလို ကျောင်းသားဆိုးနဲ့ကြုံရင် ခင်ဗျားဘယ်လိုလုပ်မလဲ။ အကြံဉာဏ်တချို့ မျှဝေပေးနိုင်မလား။
Rafeး ကျွန်တော့်အမြင်နဲ့ ကျောင်းသားကို သုံးမျိုးခွဲပါတယ်။ ကလေး၁၊ ကလေး၂၊ ကလေး၃ဆိုပြီး ကျွန်တော်သတ်မှတ်ပါတယ်။ ကလေး၁က ပါရမီရှိသူ၊ ထက်မြက်ထူးချွန်သူ၊ ကျောင်းတက်မပျင်းသူ၊ ဆရာ့ကိုချစ်သူ၊ ဘက်ဂရောင်းကောင်းသူဖြစ်တယ်။ ကျွန်တော့်အတန်းထဲမှာ သူတို့ရှိတာကို ကျွန်တော်အရမ်းပျော်မိတယ်။ ကလေး၃က ကျောင်းတက်ပျင်းသူ၊ စာမေးပွဲတိုင်းကျသူ၊ ဆရာ့ကို အလွန်မုန်းသူ၊ မိဘကလည်း ဆရာ့ကိုမုန်းသူတွေဖြစ်တယ်။ တကယ်လို့ သူတို့ကလေးကို သင်ဆဲဆိုမိရင် သင့်ကိုသူတို့သတ်လိမ့်မယ် (ရယ်လျှက်)။
ကျွန်တော်တို့ဆရာအများက သူတို့ရဲ့အချိန်ကို ကလေး၁နဲ့ ကလေး၃ပေါ်မှာ ပိုသုံးကြတယ်။ ကလေး၁က ထက်မြက်ပြီးတတ်လွယ်တော့ သူတို့အပေါ်အချိန်သိပ်ဖြုန်းစရာမလိုဘဲ သူတို့တတ်သွားကြတယ်။ ကလေး၃အပေါ်မှာ ကျွန်တော်တို့အချိန်မပေးနိုင်ရင် သူတို့က သင့်ဘဝကိုဖျက်ဆီးသွားလိမ့်မယ် (ရယ်လျှက်)။ သင့်ကို ပြဿနာအမျိုးမျိုး သယ်ဆောင်ပေးလာလိမ့်မယ်။ ကျွန်တော်ကတော့ ကျွန်တော့်အချိန်တွေကို သာမန်ကလေးတွေဖြစ်တဲ့ ကလေး၂ပေါ်မှာပဲ ပိုသုံးဖြစ်တယ်။ သူတို့က သာမန်တယ်၊ သချာင်္ဘာသာမှာ အရမ်းထူးချွန်သူမဟုတ်ကြသလို၊ စာစီစာကုံးမှာလည်း အကောင်းဆုံးရေးနိုင်သူတွေ မဟုတ်ကြဘူး။ တခြားဘာသာမှာလည်း သာမန်လောက်ပါပဲ။ ဒါပေမယ့် သူတို့က ပြဿနာမလုပ်ဘူး။ ဆရာတွေက သူတို့အပေါ် သိပ်အားစိုက်ထုတ်စရာမလိုဘူး။ ဒါပေမယ့် သူတို့အပေါ် ကျွန်တော်ပိုအားစိုက်ထုတ်တယ်။ သူတို့ပိုကောင်းအောင် ကျွန်တော်အားပေးတယ်။ ကျောင်းသူတစ်ယောက်ကို ကျွန်တော်တွေ့ရင် "သမီးအသံက အရမ်းနားထောင်လို့ကောင်းတယ်၊ ဆရာ့အတန်းမှာ သမီးရှိနေတာက ဆရာ့အတွက် ကံကောင်းခြင်းပဲ၊ သမီးရဲ့အောင်မြင်မှုအတွက် ဆရာစောင့်မနေနိုင်တော့ဘူး"လို့ သူတို့ကို ကျွန်တော်ပြောရင် သူတို့အရမ်းဝမ်းသာကြတယ်။ ဒီလိုနဲ့ ကလေး၁ရဲ့အပြုအမူလို သူတို့ပြောင်းလဲကြတယ်။ ဒီလိုအချိန်မှာ ကလေး၃က ပြဿာနာကိုဖန်တီးချင်တဲ့အခါ ဆိုးဖော်ဆိုးဖက် ရှာမတွေ့တော့ဘူး။ ကလေး၂နဲ့ အတန်းကိုအကျိုးသက်ရောက်စေတဲ့အခါ ဒီအတန်းဟာ တိတ်ဆိတ်တဲ့၊ သင့်မြတ်တဲ့၊ ကောင်းမွန်တဲ့အတန်းဖြစ်သွားတယ်။ ကလေး၃ လိုမျိုးကျောင်းသားက ဆရာဘာနည်းနဲ့သွန်သင်ဆုံးမလည်း အကျိုးဖြစ်မှာမဟုတ်ဘူး။ စိတ်ဝင်စားစရာကောင်းတဲ့သင်ခန်းစာတွေကို ဆရာကဖန်တီးပေးပြီး သူတို့ရဲ့စိတ်ဝင်စားစိတ်ကို မြင့်ပေးမှ သူတို့ကို ပြောင်းလဲနိုင်မှာဖြစ်တယ်။
(၅) စာဖတ်ခြင်းရဲ့အကျိုးကို ခင်ဗျားမကြာခဏပြောတယ်နော်။ အခုခေတ်ကျောင်းသားတွေက အင်တာနက်ဂိမ်းကိုပဲ ရူးသွပ်ခုံမင်နေကြတယ်။ ကြာလေ စာဖတ်တာကိုမနှစ်သက်လေ ဖြစ်ကြတယ်။ ဒီလို အခက်အခဲမျိုးကို ခင်ဗျားကြုံဖူးလား၊ ခင်ဗျားဆိုရင် ဘယ်လိုအဖြေရှာမလဲ။